Oct 25, 2007

>

ငါတို့ အနာဂတ်


ပျော်ရွှင်ခြင်းဆိုတာ
မင်းသိရင်

အေးစက်နေတဲ့ ငါ့လက်လေးကို
ဆုပ်ကိုင်ထားပါနော်...

နွေးထွေးမှုဆိုတာ
မင်းသိရင်
တုန်ရီနေတဲ့ ငါ့နှုတ်ခမ်းကို
ခူးခြွေလှည့်ပါ...

ရှင်သန်ခြင်းဆိုတာ
မင်းနားလည်ရင်
ငါရင်ခုန်တိုင်း မင်းဆိုတာ
သိထားပါနော်...

အနာဂတ်ဆိုတဲ့ အဓိပ္ပာယ်ကို
မင်း ပုံဖေါ်တတ်ရင်
ငါတို့ နှစ်ယောက်ရဲ့အိမ်ကလေးကို
မင်းရင်ခွင်မှာ တည်ဆောက်ခွင့်ပြုပါ...မေ

အဝေးဆုံးကို မင်းလှမ်းကြည့်တဲ့အခါ
သေဆုံးခြင်းကို မင်းတွေ့မှာပဲ...

ကြုံလာမှာပဲ...ချစ်သူ
တွေးကြောက်နေဖို့ထက်
ငါတို့ရဲ့ လက်တွေ ခိုင်မြဲဖို့သာ
အရေးကြီးဆုံးပါ...

ရိုးမြေကျ ချစ်နေဖို့သာ
မင်းရင်မှာ ရှိနေပေးပါနော်....

ဆက်ရန်...

>

ဒါဏ်ရာတွေနေတဲ့ တိမ် (သို့) ငါငိုတဲ့မိုး


ဒဏ်ရာတွေနေတဲ့ တိမ်
မျက်ရည်ကို မိုးအဖြစ်ရွှာခဲ့တယ်...

အသည်းမှာ အနာတရတွေကို
ဖာထေးပါလျှက်နဲ့
အနာပေါ် တည့်တည့် ပစ်ချတဲ့
မင်းရဲ့ မိုးကြိုး....

ရှည်လျားတဲ့ မိုးခြိမ်းသံတွေမှာ
ငါ့ရင်ဟာ အဓိပ္ပာယ်မဲ့ ကွဲအက်လာတယ်...

ဒါတောင် အမှတ်မရှိတဲ့ငါ
အခါခါ နာကျင်နေပါလျက်
မင်း ဆိုတဲ့ ကောင်းကင်ကို ကြည့်မိနေတုန်းပဲ...

အချစ်ကို မိုက်ကန်းအောင်
လေထဲမှာဝဲလို့ ကောင်းကင်ထိ ငါပြန်သန်းခဲ့တယ်...

ဒါပေမယ့်
မင်းဆီကို ပျော်ရွှင်ခြင်းနဲ့
ငါမရောက်ခဲ့ပါဘူး...

မုန်တိုင်းတွေနဲ့ ငါ့ကို ဝေးစေတယ်...

မိုးရေတွေမှာ ငါဟာမေ့မျောလို့...

မင်း...
တစ်နေ့တော့ ကြည်လင်လာအုံးမှာပါ ကောင်းကင်...

ဒဏ်ရာတွေနေတဲ့ တိမ်
မရှိတော့တဲ့ အခါ....

ဆက်ရန်...

>

အနှိုင်းမဲ့ မေမေ


ညရဲ့ ကောင်းကင်တွေမှာ
ကြယ်လေးတွေ ယှက်ပြေးနေတာကို

မေမေ့ရဲ့ အပြုံးလေး တစ်ချို့နဲ့ နှိုင်းရင်
ကြယ်လေးတွေ ပျောက်ကွယ်ကုန်ကြလိမ့်မယ်..မေမေ
ဘာလို့လဲဆိုတော့
သူတို့နဲ့ မထိုက်တန်လို့တဲ့...

မေမေ့ရဲ့ စကားသံချိုလေးတွေက
ဆည်းလည်းလေးတွေ သောင်းနဲ့ချီပြီး
ပြေးလွှားနေသလိုပါ...

ဒါပေမယ့် မေမေ့စကားသံလေးတွေကြောင့်
သံဇဉ်လေးတွေ ရပ်တန့်ကုန်ကြတယ်..

ဘာလို့လဲ လို့မေးရင်
ဒီကမ္ဘာမှာ မေမေ့စကားသံလောက်
ငြိမ်းချမ်းတဲ့ တေးသွားတွေလို
ဘယ်သံဇဉ်တွေကမှ မဖေါ်ကြူးနိုင်သေးလို့တဲ့...

မေမေ...
ဒီကမ္ဘာမှာ မေမေသာလျှင်
သားတို့ရဲ့ ကြယ်စင်
သားတို့ရဲ့ တေးသွားတွေပါ...

မေမေသာ မရှိခဲ့ရင်
ကြယ်စင်တွေရော၊
တေးသွားတွေကပါ
ဒီကမ္ဘာကို ပိုင်စိုးကြလိမ့်မယ်...

ဒါပေမယ့်
သားမကြောက်ပါဘူး...

ဘာလို့လဲလို့ အားလုံးကမေးကြရင်
မေမေဆိုတာ သားတို့ရဲ့ရင်မှာ
အရာရာကို ပေးစွမ်းတဲ့သူ၊
အရာရာကို ဖန်းတီးပေးနိုင်တဲ့ အနှိုင်းမဲ့ မေမေ
ဖြစ်နေလို့ပါပဲ...


(သားချစ်သော မေမေကို ဒီကဗျာလေးနဲ့ ကန်တော့ပါရစေ)

ဆက်ရန်...

>

မင်းရဲ့ဥပေက္ခာ

လူတစ်ယောက်ကို
လွယ်လွယ်နဲ့ချစ်တယ်...

ပြီးတော့ လွယ်လွယ်လေးပဲ
မေ့ထားခဲ့တယ်...

မင်း... ပျင်းတဲ့အခါ
ငါ့ကို စကားလာပြောလိုက်...

မင်း..ပျော်တဲ့အချိန်ကျတော့
ငါနဲ့ အဝေးမှာပေါ့...

ငါချစ်မိတဲ့ အချစ်တွေက
မင်းရဲ့ ဥပေက္ခာ ပစ်မှတ်မှာရှိနေတော့
ငါဆိုတာ သေလူပါပဲ...

ငါ့မှာ အသက်သာရှိပေမယ့်
ငါ့နှလုံးသားကို မင်းသတ်သွားပြီ...

ချစ်တယ်လို့...
လွယ်လွယ်နဲ့ ပြောခဲ့ပြီးမှ
ချစ်သူကို အလေးမထားခဲ့ရင်
အဲ့ဒီလူဟာ
လူသားမဆန်တဲ့လူပဲ.......

ဆက်ရန်...

>

အဝေး

မင်းသွားမဲ့လမ်းကို
ငါမတားရက်ပါဘူး...

မင်းရဲ့ လမ်းမှာ ငါဆိုတာ
အတားအဆီးတစ်ခု ဆိုခဲ့ရင်
ရှောင်ခွါလို့ အဝေးကိုပြေးပါ့မယ်...

မင်းနဲ့ ဝေးပေမယ့်
မင်းချန်ထားခဲ့တဲ့
နေရာလေးတွေမှာ
ဖြစ်သလိုပဲ
ပျော်အောင်နေတတ်ဖို့
ငါကြိုးစားနေပါတယ်...

ငါဟာ မင်းအတွက်
အချစ်ကလွဲပြီး ဘာတစ်ခုမှ
မပေးနိုင်ခဲ့တာကတော့
ငါ့ရဲ့ အကြီးမားဆုံး အားနည်းခြင်းပဲဆိုတာ...
သိလိုက်ရတဲ့ အချိန်ကျတော့
မင်းက ငါ့ရဲ့ ဝေးဆုံးကို
ထွက်သွားခဲ့ပြီလေ...

ဒါပေမယ့်... ရယ်...
မင်းရင်ခွင်ရဲ့ အနီးဆုံးနေရာမှာ
ငါ့နှလုံးသား၊
ငါ့အချစ်၊
ငါ့ဘ၀..အားလုံးကို
မင်းနဲ့ မဝေးခင်တုန်းကရင်း
မြုပ်နှံခဲ့ပြီးလို့ ....ခုဆို...
ငါ အားလုံးကို ကျေနပ်နေပါပြီလေ....

ဆက်ရန်...

>

ခေါင်းစဉ်မရှိ...

ငါချစ်နေရင် သူလည်း
ပြန်ချစ်မယ်ဆိုတာကို

ယုံကြည်ခဲ့လို့
ငါဆိုတာ....ဘ၀ပျက်ခဲ့ပြီးပြီ...

သူ့အနားမှာ အချိန်တိုင်း
ရှိနေချင်လို့
ငါဘာမဆို ပေးဆပ်ရင်းက
အများမုန်းတဲ့ ငပေကြီးလို
ဖြစ်နေရင်းကလည်း
သူ့ကို ဆက်ချစ်ခဲ့ပြီးပြီ...

ငါ့မှာ သူနဲ့ဝေးရဖို့
ခံနိုင်အား မရှိခဲ့တာ အမှန်ပါ...

မျက်ရည်ကို အချစ်နဲ့မျှား
ငါ့အချစ်ကို ဘ၀ထပ်ပေးခဲ့သလောက်
ငါပြန်ရတော့...........

မျက်ရည်...
လမ်းခွဲခြင်း...
ပတ်ဝန်းကျင်ရဲ့ အမုန်း....

ငါဘာလို့ ငါ့ပတ်ဝန်းကျင်နဲ့
ဝေးနေတယ် ဆိုတာ
သိပြီလား..... သူငယ်ချင်း

နင်ငါ့ကို မေးတယ်နော်...

ငါ သူ့ကို ပြန်ချစ်ရမလားလို့.....
ငါ့ကို အရင်ကြည့်ပေါ့...သူငယ်ချင်းရာ......

ဆက်ရန်...

>

ငါ့ည ဒိုင်ယာရီ


ငါ မင်းနဲ့ တွေ့ပြီးနောက်တစ်ရက်ည....

ဘယ်သူမှ မသိလိုက်ပဲ
ငါ အိပ်မောကျသွားတယ်...

အိပ်မက်မှာ
မင်းလာခေါ်တဲ့ ငါ့အခန်းဟာ
အရောင်မှိန်ဖျော့ဖျော့နဲ့ပေါ့...

မင်းရဲ့လက်တွေကလည်း
အေးစက်လို့...

မျက်ဝန်းတွေကလည်း
မည်းနက်လို့...

ငါ့ရင်တွေ ၀ုန်းဒိုင်းကြဲနေတယ်...

မင်းဆုတ်ကိုင်ထားတဲ့ ငါ့လက်တွေမှာ
ရမ္မက်တွေပါသွားလား...ငါမသိ...

တုန်ရီတဲ့ နှုတ်ခမ်းတွေက
ဘယ်ကမ္ဘာကို ခေါ်သွားလဲ...

ငါဟာ မိုက်ခနဲ... သတိဆိုတာနဲ့
အဆက်ပျက်သွားတယ်...

ငါပြန်သိလာတော့
ဟိုး...........အဝေးကြီးမှာ
အပြာရောင်အလင်းတန်းတွေ
ငါမြင်နေရတယ်...

ငါ့ဘေးမှာလည်း နင်.....

ဟာ....ဘာတွေလည်း.......

ငါလန့်နိုးလာတော့
ငါ့ဘေးမှာ ကြေမွနေတဲ့
အိပ်ရာခင်းလေး ပဲရှိတော့တယ်...

မိန်းကလေးရယ်
တစ်ခါလေးတွေ့ဖူးတာနဲ့တောင်
ငါ့အိပ်မက်ကို နင်ပိုင်စိုးသွားတယ်နော်...
အကြိမ်းများစွာသာဆို
ငါ့ရဲ့ တစ်ဘ၀လုံးကိုများ
အပိုင်ယူသွားလေမလား... နော်...

ဆက်ရန်...

>

တော်ပါသေးရဲ့

ဝမ်းနည်းလို့မှ
တိမ်တွေကို မော့ကြည့်မိပါတယ်...

မင်းတို့နှစ်ယောက်နဲ့မှ ပြန်လာဆုံရတယ်လို့...

စိတ်ညစ်လို့မှ
သူများတွေလို အရက်သောက်မယ်ကျန်တုန်းရှိသေးတယ်...
ငါ့ချစ်သူရဲ့ချစ်သူက ငါ့ကို
ရင်လာဖွင့်တာနဲ့ ကြုံရပြန်ရော...

ရင်ဘတ်တွေ အောင့်လွန်းလို့ ဆေးခန်းလေးသွားမိပါတယ်...
အသည်းကွဲလို့ ရောက်လာတဲ့ လူနာက
ငါ့ချစ်သူရဲ့ ချစ်သူဖြစ်နေပြန်ရော...

စိတ်ပင်ပန်းလွန်းလို့
ကန်တော်ကြီးက ခုန်တန်းလေးမှာ သွားထိုင်မိပါတယ်...
ရေထဲခုန်ချဖို့ ကြံတဲ့သူက
ဟိုက်............ ငါ့ချစ်သူရဲ့ ချစ်သူပါလား...

တော်ပါသေးရဲ့...
ငါ့အလှည့်တုန်းက
ရက်စက်တာတွေကို
ကောင်မလေးနားမလည်သေးလို့...

ဆက်ရန်...

>

ပျောက်ဆုံးသွားသော

ငါ့ရဲ့ ညနေတွေမှာသာ မင်းရှိရင်
နေညိုချိန်ဆိုတာ
သဘာဝထက်လှနေပါလိမ့်မယ်....

စမ်းရေတွေ ဘယ်လောက်များ
အေးလို့လဲ..
မင်းပြုံးလိုက်တဲ့ အပြုံးမှာ
ငါ့ရင်ထဲအေးချမ်းသွားလိုက်တာ
စမ်းရေတွေတောင်
ပူလောင်နေသလိုပဲ...

ဒါပေမယ့် ကောင်မလေးရယ်..
ဘယ်လိုမုန်တိုင်းမျိုးကများ
ငါတို့ရဲ့ တည်ဆောက်စ
အချစ်အိမ်ငယ်လေးကို
ဖျက်ဆီးရက်လိုက်သလဲ...

ငါ့ဘ၀ဆိုတာ...မင်း

ငါ့ရင်ခွင်ဆိုတာလည်း...မင်း

ငါ့ရဲ့လမ်း..
ငါ့ရဲ့အနာဂတ်တွေက..မင်း.........ဆိုတာကို
သိနေလျက်နဲ့
ကံကြမ္မာရယ်...
ရက်စက်လွန်းလိုက်တာ...

ခုတော့ ငါ့ဆီမှာ
မင်းရဲ့ အငွေ့အသက်ဆိုလို့
မင်းနမ်းသွားတဲ့ ငါ့ပါးပြင်က
အမာရွတ်ပဲ ရှိတော့တယ်....ကောင်မလေးရယ်

ဆက်ရန်...

>

မင်းရဲ့ညို့အား

ငေးကြည့်ရုံနဲ့
ငါ့ရင်ကိုလာစူးတဲ့
မင်းရဲ့ဆူး...

နုတ်ယူဖို့ခက်တဲ့
အိပ်မက်တွေမှာ
မင်းအကြည့်က
ရှည်လျားလွန်းတယ်...

အဓိပ္ပါယ်မဲ့
မိုးတိမ်တွေကို
ငေးမိရင်တောင်
ငါ့ကောင်းကင်ဟာ
မင်းဖြစ်ဖြစ်သွားတယ်...

ရှူရှိုက်ဖို့တောင်မ၀တဲ့
လေညှင်းလေးမှာ
မင်းရနံ့လေးတွေ
လွင့်နေတဲ့အခါ
မိန်းမောသွားမိတယ်...

သတိလက်လွတ်နဲ့ပဲ
မင်းမျက်ဝန်းကို
ငါနမ်းမိတယ်...

မင်းကျေနပ်မယ်ဆို ငါ
မုသားကင်းစွာ
ပြောချင်လေရဲ့
မင်းမျက်ဝန်းကို ငါချစ်တယ်...

ဆက်ရန်...

>

ငါသိချင်တယ်

ငါ့ မျက်ဝန်းကို မင်း
တည့်တည့် စိုက်ကြည့်ရဲလား...

မင်းပေးတဲ့ ဒဏ်ရာတွေက ငါ့အတွက်
ပျားရည်လို ချိုမြိန်အောင်
မင်းလုပ်တတ်တယ်...

မင်းပေးတဲ့ ရက်စက်ခြင်းတွေမှာ
အမာရွက် မကျန်အောင်
စကားလုံးတွေ မင်းပြောတတ်တယ်...

အရာရာတိုင်း ရုန်းမရအောင်
အကြည့်မျိုးစုံနဲ့
ငါ့ကိုမင်း ချည်နှောင်တတ်တယ်...

ဒါပေမယ့်
မင်းငါ့ကို ဘာလို့စိုက်မကြည့်ရဲတာလဲ...

ငါ့မျက်ဝန်းမှာ
မင်းအတွက် အနွံတာခံကာ
ချစ်နေတဲ့ အရိပ်အယောင်တွေ
ရှိနေပါလျက်နဲ့
မင်း မမြင်နိုင်တာကို
ငါ ခံရအခက်ဆုံးပဲ...

အချစ်ဆိုတာ ဖြစ်တည်လာပြီးရင်
မြိုသိပ်ရခက်တယ် ဆိုတာ
မင်းသိရဲ့လား... မိန်းကလေးရယ်

ငါသိချင်တယ်
မင်းဆီမှာ ငါ့အချစ်တွေ
ခိုအောင်းခွင့်ရမယ့်နေ့ကို.........

ဆက်ရန်...

>

၃၁.၁၂.၂၀၀၅

ငါ့ကို ထားခဲ့ပါ...

နောက်လှည့်မကြည့်နဲ့တော့ မိန်းကလေး။

ဒဏ်ရာတွေကို

မင်းထွက်ခွါသွားတဲ့ ခြေသံလေးတွေနဲ့ အတူ

လမ်းခွဲပါရစေ...


ငါ့ မျက်ရည်တွေက

မင်း အနာဂတ်အတွက် လက်ဆောင်၊

ငါ့ရင်ခွင်ထက် မင်းအိပ်စက်ခဲ့တဲ့

နေရာတွေက

ငါ့ အနာဂတ်အတွက် ဖြေဆေး၊

အခုလက်ရှိ မင်းပေးခဲ့တဲ့ လမ်းခွဲခြင်းကတော့

ငါရော မင်းအတွက်ပါ

မေ့မရတဲ့ အစိမ်းရောင် နေ့စွဲလေးပေါ့။

ဆက်ရန်...