Jan 10, 2008

>

ပြင်သစ်ရောက် မယ်မ


ရွာတောလေးကို နင်မေ့သွားတယ်...

ညည ငါ့မယ်ဒလင်လည်း
ကီးတွေကြောင်ပေါ့။ ။

ငေးငိုင်စွာ ကုက္ကိုပင်အောက်
ပြန်မရောက်တဲ့ နင့်အတွက်
လေးလံစွာ ကဗ္ဗည်းထိုးခဲ့တယ်။ ။

တကောက်ဖာလေး ခေါင်းပေါ်ရွက်
နင်မြို့ပေါ်တက်သွားတာ
အတော်ကြာရော့နော်။ ။

ကြုံလေအုံးပေါ့ ကံဆိုတာရယ်
ရွာဦး ဘုန်းဘုန်းကောင်းမှုတွေကြောင့်
ပျို့မောင်ကြီးတစ်ယောက်
မြို့ရောက်ပါဘိ။ ။

အမယ်လေး...
ရောင်စုံတွေများ လူတွေကြားထဲ
ဘာတဲ့ အကြော်စုံရမယ် အကြော်စုံ အကြော်စုံ
မယ်မ ရယ်။ ။

နင်ပြောတော့ ပြင်သစ်ဆို
ခုမှပဲ နားလည်တော့တယ်
အကြော်စုံကို ပြောတာကိုး။ ။

ကိုရွာသား အတွက် အမှတ်တရလက်ဆောင် ကဗျာလေးပါ။ ဘယ်သူ့ကိုမှ ရည်ရွယ်ထားခြင်း မဟုတ်ပါ။

ဆက်ရန်...

>

တကယ်တော့... အချစ်ဆိုတာ (၂)

တကယ်တော့ သူနဲ့ကျွန်တော်ဆိုတာ ရည်ရွယ်ချက်ခြင်း၊ ခံယူသတ်မှတ်ပုံစံခြင်းတွေ များစွာ ကွာခြားခဲ့တာဗျ။ သူက အပြာရောင်ကို အချစ်ဆုံးတဲ့။ ဒါပေမယ့် ကျွန်တော်က အဖြူရောင်ကို သဘောအကျဆုံးပဲ။ သူက ထမင်းစားရင် အာလူးကြော်နဲ့ဆိုပြီးတယ်။ ကျွန်တော်ကျတော့ ဟင်းချိုရည်လေးပါမှ စားတတ်တယ်။ တစ်ခုတော့ တော်တော်တူတယ်။ သူလည်း အသား၊ငါးသိပ်မကြိုက်သလို ကျွန်တော်လည်း မကြိုက်ဘူး။

သူက လူတွေကြားထဲ နေရမှာ ရှက်တတ်တယ်။ ကျွန်တော်ကတော့ သူငယ်ချင်းတွေနဲ့ လုပ်ချင်တာ လုပ်နေရတာကို ပျော်တယ်။ ကျွန်တော်ဂစ်တာတီးနေတာကို သူက အရမ်းချစ်တယ်ပြောတယ်။ သူပြုံးပြီးစကားပြောတာလေးကို ကျွန်တော်အချစ်ဆုံးပဲ။ တကယ်တမ်း စရိုက်မတူ ရယ်ရွယ်ချက်မတူတဲ့ သူနှစ်ယေက် ချစ်သူတွေ ဖြစ်လာတဲ့အခါမှာတော့။

ဖေဖေါ်ဝါရီ (၇)ရက်တွေတိုင်း ကျော်ဖြတ်ခဲ့ရတာ ဒီနှစ်တော့ ကျွန်တော့်အတွက် အပျော်ရွှင်ဆုံး နှစ်တစ်ခုရဲ့ အမှတ်တရနေ့ပေါ့ဗျာ။ အပြာရောင်ဆွယ်တာလေးနဲ့ ကောင်မလေးက ကျွန်တော့်ကို အဖြေပေးတယ်။ မှတ်မှတ်ရရ ကျူရှင်ဆင်းချိန် ညနေ ၅နာရီ၃၅မိနစ်မှာပါ။ အချစ်ဆိုတာကို ရေရေရာရာ မသိနားမလည်သေးပေမယ့် သူက ချစ်ပါတယ် လို့ပြောလိုက်တော့ ကျွန်တော် ရင်ခုန်ခဲ့တာ အမှန်ပါပဲ။ သူ့ကို မေးကြည့်တော့ သူလည်း ရင်ခုန်တယ်တဲ့။ ဒီလိုနဲ့ပဲ ကျွန်တော့်ရဲ့ အချစ်ဦးဆိုတာ သူဖြစ်လာခဲ့ပါတယ်။

သူများတွေကပြောကြတယ်။ မင်းက ငါ့ရဲ့ အချစ်ဆုံးပါ။ နောက်တစ်ယောက်နဲ့ ချစ်မိတဲ့ သူတွေရဲ့ ဆင်ခြေပေးတဲ့ စကားပေါ့ဗျာ။ အမှန်တော့ ကိုယ်တကယ် ပထမဆုံးချစ်ခဲ့မိတဲ့ သူကိုတော့ ဘယ်တော့မှ မေ့လို့မရပါဘူး။ အဲ့ဒါသူ့ကို အချစ်ဆုံးမို့ မလား။ အချစ်ဦးဆိုတာ အချစ်ဆုံးပါပဲလို့ ကျွန်တော်ရင်မှာ စွဲနေတယ် ခုထိပါပဲ။

ဘာရယ်မဟုတ်။ အချစ်ဆိုတာကို အရောင်တွေ ဆိုးမှန်းမသိဆိုးနေခဲ့တာ (၃)နှစ်လောက်ကြာတဲ့ အချိန်လောက်မှာ စသိလာရတယ်။ အဲ့တုန်းက ကျွန်တော်တို့ ပထမနှစ် စတတ်ရတဲ့ အချိန်ပေါ့ဗျာ။ ကောင်လေးတစ်ယောက် သူ့ကို ကြိုက်နေတယ်။ ကျွန်တော်သိသိကြီးနဲ့ နေခဲ့ပေမယ့် လုံးဝမခံနိုင်တော့တဲ့ အဆုံး ရန်တောင် ထဖြစ်မိတယ်ဗျ။ အဲ့ကောင်လေးဆိုတာ တစ်ခြားမဟုတ်ဘူး။ ကျွန်တော့် သူငယ်ချင်း အရင်းကြီးပါ။

ကျွန်တော်သိလာတယ်။ သူ့ကို အဆုံးရှုံး မခံနိုင်ဘူး။ ဝေးရမှာ ကြောက်လာတယ်။ သူမကြိုက်တာတွေကို ပြင်ဆင်လာခဲ့တယ်။ အမေတစ်ယောက်ရဲ့ စကားကို ဘယ်တုန်းကမှ နားမ၀င်ခဲ့တဲ့ သားက ချစ်သူပြောတဲ့ စကားကိုတော့ နားဝင်နေခဲ့တယ်။ အဲ့ဒါဘာလို့လဲ အချစ်မှာ မွှန်းနေခဲ့တာပါ။ သူ့အတွက်ဆို ဘာမဆို လုပ်ရဲတယ်။ လုပ်လဲ လုပ်ခဲ့ပါတယ်။ စာမကျက်ချင်တဲ့ ကျွန်တော် သူ့ကြောင့်စာကျက်ဖြစ်လာတယ်။ သူအောင်သွားရင် ကျွန်တော် ကျနေခဲ့မှာကြောက်တယ်။ ဝေးရမှာကိုး။ ကျွန်တော်သူ့ကို အဆုံးရှုံးမခံနိုင်ဘူး။ ကံကို ယုံပေမယ့် သူ့ကို မယုံခဲ့ဘူး။ ဘာလို့လဲဆိုတော့ တစ်ခြားကောင်လေးတွေနဲ့ စကားပြောတာကို ကျွန်တော်မကြိုက်ဘူး။ သူ့စိတ်ကို ကိုယ်ကသွားထိန်းချုပ်လို့ မရဘူးလေ။ သူက ကျွန်တော့်ကို တကယ်ချစ်မှန်းသိပေမယ့် နောက်တစ်ယောက်နဲ့ ချစ်သွားကြမှာ တွေးကြောက်လာတယ်။

သြော် တကယ်တော့ လူဆိုတာ ကံစီမံရာ ပါလာပြီးသားလေ။ ဒီစကားကို သေချာမသိနားမလည် မစမ်းစစ်ပဲ သူ့ကို ချုပ်နှောင်သလိုဖြစ်သွားတဲ့ အခါ....



ဒီနေ့ သူ့မွေးနေ့ပါ။ ရင်ဘတ်ကြီးတစ်ခုလုံး ထာဝရလက်ဆောင်အဖြစ် ပေးလိုက်ပါတယ်နော်။

ဆက်ရန်...

Jan 8, 2008

>

မျက်ဝန်းစိမ်း


မျက်ဝန်းစိမ်းနဲ့ ငါ့ကိုကြည့်တယ်...
သီချင်းတော့ မဟုတ်ဘူး
ငါ့ရင်ထဲကို ဆူးစူးသလို
မျက်ဝန်းစိမ်းစိမ်းနဲ့ ကောင်မလေးရယ်...
နာကျည်းတာလား၊ မုန်းတာလား။
ဝေခွဲမရမျက်ဝန်းတွေ
ငါ့ကို အရည်ပျော်စေတယ်ကွယ်။ ။

အလွမ်းဒဏ်သင့်
မျက်ဝန်းတဆင့်မှသည်
ဥပက္ခာတွေ၊ အခြွေရံပေါင်း
ထောင်သောင်းမက
ဒီရင်ကိုသာ အငြိုးကြီးစွာ
ဆူးစိုက်လေပြီ။ ။

အကြီးကျယ်ဆုံး ဆုံးရှုံးခြင်းသာ
မျက်ရည်အဖြစ် စီးဆင်းသော်ငြား
သူသနားကာ ပြန်လှည့်ကြည့်သည်
သို့သော်... မျက်ဝန်းစိမ်းနဲ့သာ။ ။

အစ်ကို မျှားပြာ ဆီသို့ လက်ဆောင်ပေးထားသော ကဗျာဖြစ်ပါသည်။

ဆက်ရန်...

Jan 7, 2008

>

တကယ်တော့... အချစ်ဆိုတာ

နောက် (၃)ရက်ဆိုရင် ချစ်သူရဲ့ မွေးနေ့ရောက်ပါပြီ။ မဆိုင်သလိုနေခဲ့တာ ဘယ်လောက်ပဲကြာပေမယ့် ချစ်ခြင်းဖြင့်သာ ခွင့်လွတ်နားလည်ရင်း အားလုံးကို ရင်ထဲမှာ သိမ်းဆည်းနေသေးတယ်။

ကျွန်တော့်ကို ဘယ်အတိုင်းအတာထိများ ထားခဲ့အုံးမှာလဲ။ နောက်လ (၇)ရက်နေ့ဆိုရင်သူနဲ့ ကျွန်တော့်ရဲ့ ချစ်သူ သက်တမ်းက (၇)နှစ်ပြည့်ပါပြီ။ ကျွန်တော့်ဘက်က သတ်မှတ်ဆဲပေါ့။

ကျွန်တော်သူ့ကို ချစ်ခဲ့တုန်းက အချစ်ဆိုတာ အရောင်တစ်မျိုးတည်းသာ ရှိတယ်လို့ ထင်ခဲ့တာပါ။ သို့ပေမယ့် လောကကြီးမှာလေ အရောင်တွေဟာ အမျိုးမျိုး ရောယှက်ကုန်ကျတယ်ဆိုတာ နောက်ပိုင်းတော့ တော်တော်နားလည် လာတယ်။

ညစ်ထွေးမှုတွေကြားမှာ သည်းခံရင်း၊ ဆက်ချစ်ရင်းသာ နေခဲ့ပေမယ့်လည်း အချစ်ဆိုတာက အမျိုးမျိုးလေ။ တကယ်ချစ်တယ် ပြောခဲ့ပေမယ့် ကိုယ့်ထက်ချစ်တဲ့သူကို တစ်ဖန်တွေ့လာတော့လည်း အရောင်တွေ ပြောင်းသွားကြတာပါပဲ။

လူတိုင်းမေးနေကြတဲ့ အချစ်ဆိုတာကို ကျွန်တော် နည်းနည်းလောက် ဖြေကြည့်ချင်ပါတယ်။ အချစ်ဆိုတာ အရောင်တစ်မျိုးလို့ ကျွန်တော်ယူဆတယ်ပဲထားလိုက်ပါ။

ပထမတော့ အချစ်ဆိုတာ ကြည်အေးတယ်။ မျက်စိနဲ့ မြင်တွေ့လို့မရ။ လက်နဲ့ထိတွေ့ကိုင်တွယ်လို့မရ။ နောက်တော့ ချစ်ခြင်းမှာ အရောင်တွေ ရောစပ်လာတယ်။ ကိုယ်ကချစ်တယ်ဆိုရင် သူ့ကိုပြန်ချစ်စေချင်လာတယ်။ တစ်ခြားသူတွေ သူ့ကိုချစ်ပြန်တော့လည်း အတ္တအရောင်တွေစွန်းလာတယ်။ ကိုယ်ကလွဲပြီး ဘယ်သူ့ကိုမှ ပြန်မချစ်စေချင်ဘူး။

ကိုယ်နဲ့ ချစ်လာပြန်တော့လည်း နီးစပ်ချင်လာကြတယ်။ အတူတူ ပေါင်းဖက်ချင်လာကြတယ်။ တကယ်တော့ အချစ်ဆိုတာ သူ့သဘောနဲ့သူ နေတာပါ။ ကိုယ်တိုင် အရောင်တွေ သွားဆိုးမိတော့ ကိုယ်ပဲ ညစ်ပေစွန်းထင်းခဲ့ရတယ်ဆိုတာကို မုန်းသွားမှ သိလာကြတယ်။ အဲ့ညစ်ထေးနေတာတွေကို အလွမ်း၊ အဆွေး၊ တမ်းတ လွမ်းဆွတ်ခြင်း၊ အမုန်းတွေလို့ ဘယ်သူတွေသိခဲ့သလဲဗျ။ နောက်ဆုံး စိတ်နာတာတွေပါသေးတယ်။

တကယ်တမ်းဆိုလျှင် အချစ်ဆိုတာ တည်းခြားအရောင်တစ်မျိုးပါ။ အရောင်လေး တစ်စက်မှ မစွန်းစေနဲ့။ တော်တော်လေးကိုလှပတဲ့ အရာတစ်ခုပါ။

ကျွန်တော်အသည်းကွဲခဲ့တာ ကြာပါပြီ။ အစကတော့ သူ့ကို မုန်းချင်သလိုလို၊ စိတ်နာချင်သလိုလို ဖြစ်ခဲ့ပါသေးတယ်။ သေချာစဉ်းစားကြည့်လိုက်တော့ ကျွန်တော်က အချစ်ဆိုတာကို အရောင်တွေသွားရောမိလိုက်တာကိုးဗျ။ အချစ်ကို အချစ်လို့သာ ဒီတိုင်းလေး ကြည့်နေမိခဲ့ရင် ခုလို ညစ်ထေးနေတဲ့ ဘ၀မှာ ကျွန်တော်နေရမှာ မဟုတ်ပါဘူး။ ဒါတွေကို အစကသာ ကြိုပြီးသိခဲ့ရရင်လေ။ ။ ကျွန်တော်နဲ့သူဆိုတာ...

ဆက်ရန်...

Jan 5, 2008

>

ဂစ်တာတီးတဲ့ ကောင်မလေး

အတွေးထဲ မင်းရှိနေသရွေ့
ငါညည်းအုံးမယ်... ဂစ်တာလေးနဲ့
အလွမ်းသီချင်း။

မျက်ရည်စက်တွေ
ဂစ်တာလေးပေါ်ကျသရွေ့
သံစဉ်တွေ
မင်းကို မကျေနပ်ဘူးဆိုတာ
ငါသိနေတယ်။

ဘ၀နဲ့လဲခဲ့တယ်လေ...
ဂစ်တာလေးလည်း
ဆွေးမြည့်လို့ ကြေနေပါပြီ။

သူ့ပိုင်ရှင်လည်းမရှိတော့
ဂစ်တာပေါ်လက်တင်လိုက်တာနဲ့
ငိုကြွေးခြင်းသာ။

သိရဲ့လား...
မင်းကို သူစောင့်နေတာလေ
အမှတ်တရသီချင်းလေးတွေ
ပေး..ပေးခဲ့တဲ့ မင်းကို
သူစောင့်နေတယ်။

မင်းဆိုပြတဲ့ အချစ်သီချင်းတွေ
ငါတီးခွင့် မရှိပါဘူး။

ငါတီးလိုက်တိုင်း
ကြိုးတွေ ပျက်...ပျက်သွားတယ်။

ယုံပါပြီ...
မင်းပေးခဲ့တဲ့ ဂစ်တာလေးက
တကယ်ကို သစ္စာရှိပါတယ်။

ပြန်လာပါချစ်သူရယ်...
အချစ်သီချင်းတွေ
ဆိုချင်လှပါပြီ။

မင်းရဲ့ ဂစ်တာငယ်လေးလည်း
အထိနာလှပါပြီ
ပြန်လာခဲ့ပါတော့နော်။

မဖြစ်နိုင်ပေမယ့်
တောင်းဆိုပါရစေနော်
ခဏလောက် ဖြစ်ဖြစ်တော့
ငဲ့ကြည့်လှည့်ပါ။

ငါ့ထက်...
မင်းဂစ်တာလေးက
အရမ်းကို ငိုနေတယ်ကွယ်။ ။

ကျွန်တော် ဆက်ရေးချင်ပေမယ့် ရင်ထဲက လုံးဝမထွက်တော့လို့ပါ။ ဂစ်တာလေးကို အရမ်းသနားမိလို့။ ပြန်မလာနိုင်တော့ဘူးဆိုတာ သူဘယ်သိပါ့မလဲဗျာ။ ဒီကဗျာလေးကို ရေးရင်း ကျွန်တော်ပါ အရမ်းကို စိတ်မကောင်းဖြစ်မိတယ်ဗျာ။


ဆက်ရန်...

Jan 4, 2008

>

ကဗျာဆရာရဲ့ အတွေးတစ်စ

ဇာတ်လမ်းအစက ဒီလိုဗျ...
ဒီနေ့... မိုးမရွာသလို၊ နေကလည်း သိပ်အပူကြီးတော့ မဟုတ်ပါဘူး။ ကဗျာဆရာပေါက်စလေး အလုပ်စရှုပ်တဲ့ နေ့ပေါ့ဗျာ။ ဘာလို့လဲဆိုတော့ သူရေးထားတဲ့ ကဗျာတွေကို ခုအရမ်းခေတ်စားနေတဲ့ blog( အွန်လိုင်းပေါ်က ကိုယ်ပိုင် ဒိုင်ယာရီ လို့ပဲ တင်စားပါရစေ) ပေါ်တင်ဖို့ အခွင့်ရလာတော့၊ မျက်ရည်ဝဲတယ်၊ ပျော်ရွှင်မှု အတိုင်းအတာတွေ မိုးအောင်ပျံတက်သွားသလိုပါပဲ။

ကဗျာလေးတွေ ဘယ်သူကိုမှ မပြရဲဘဲ သိမ်းထားခဲ့ရတာကြာပြီလေ။ ကဗျာရေးတဲ့ တစ်သက်ပေါ့။ဒီနေ့တော့ ကျွန်တော့်ရဲ့ ကဗျာလွယ်အိတ်ကလေးကို ကဗျာချစ်သူတွေသိအောင် ထုတ်ပြရတော့မယ်။ တွေဝေမနေတော့ဘူး၊ ကြောက်လန့်မနေတော့ဘူး။

ဒီလိုနဲ့ပေါ့လေ...မနက်စောစောပါပဲ မိုးကလည်း မရွာ၊ နေကလည်း မပူတဲ့အချိန်ကြီးမှာဗျာ။ ကဗျာလေးတွေတင်ဖို့ အင်တာနက်ဆိုင်ရှိရာကို အလာ ကံဆိုးခြင်းလား၊ ဖူးစာရှင်လားတော့မသိဘူး။ အလွန် ထူးခြားတိုက်ဆိုင်စွာပါပဲ။ ထီးတကားကားနဲ့ လမ်းအပြည့်လျှောက်လာတဲ့ ဆံပင်ကကောက်ကောက်၊ ပါးစပ်က ပလုတ်ပလောင်းနဲ့ ကောင်မလေးတစ်ယောက်ကိုမှ ကျွန်တော်ကလည်း ရှပ်ပြာ၊ ရှပ်ပြာနဲ့ ၀င်ဆောင့် မိတယ်ဗျာ။

ဒိန်း.....အား
ကံဆိုးခြင်းအစ... သူစားလာတဲ့ အချဉ်ထုပ်နဲ့မှ ကျွန်တော့်ရဲ့ အဖြူရောင် လည်ဂတုံးလေးကို ၀င်တိုက်လိုက်တာ အမလေး သွားပါပြီ။ ကျွန်တော့်ရဲ့ ကဗျာဆရာ ဘ၀အစလေးက အရောင်တွေနဲ့၊ အဖြူထည်လေးတော့ သွားပါပြီဗျာ။

ဟာ...ကောင်မလေးတစ်ယောက်ပါလား။ ဆံပင်က ကောက်ကောက်၊ ပါးစပ်ကလည်း ပေပွလို့ ညစ်ပတ်လိုက်တာ၊ ကျွန်တော် ခဏလေးတော့ ငေးလိုက်မိတယ်။ ကဗျာလေးတစ်ပုဒ်ကို သွားသတိရမိလို့ပါ။ တော်တော်တူတာပဲ။ ကျွန်တော် ရင်ထဲ တစ်ချက်တော့ နွေးသွားတယ်ဗျ။ တူတယ်ဆိုမှ တစ်ပုံစံတည်းပဲဗျာ။

မြန်တော့မြန်သား။ သူနဲ့ ကျွန်တော် တိုက်ဆိုင်ပုံများက ကျွန်တော်သုံးနေတဲ့ အင်တာနက်ဆိုင်မှာ နောက်တစ်ခါ ပြန်ဆုံတာပါပဲ ခင်ဗျ။ ဘေးချင်းကပ်လျက်သွားထိုင်မိလိုက်တာ ကျွန်တော့်အမှား။ တစ်ခုတော့ ကျေနပ်စရာ။ မနေ့က ကိစ္စကို သူက အရင်တောင်းပန်တယ်ဗျာ။ ဒါပေမယ့် သိပ်တော့ ဘ၀င်မကျလှဘူး။ ပါးစပ်က အစားက မပြတ်ဘူးလေ။ ဒါပေမယ့် ကျွန်တော်သူ့ကို ဒုတိယမြောက် ရင်ခုန်မိတယ်။ သြော်...ဆံပင်ကောက်ကောက်နဲ့ စုတ်ဖွားလေး။

ဒီလိုနဲ့ပါပဲလေ။ ကျွန်တော်လည်း ကဗျာတွေရေးလိုက် တင်လိုက်လုပ်နေတာ ၁လလောက်တောင်ရှိလာပြီပဲ။ သူမနဲ့မတွေ့တော့တာလည်း ၁လလောက်ပဲဆိုပါတော့။ သူ့ကိုပဲ လွမ်းသလို၊ အချဉ်ထုပ်လေးကိုပဲ သတိရနေသလို။ စိတ်ထဲရှိတာလေးတွေ လ္ဘက်ရည်ဆိုင်ရောက်မှ စာစီမိတယ်ဗျာ။ အဲ...အဲ့မှာပဲတိုက်တိုက်ဆိုင်ဆိုင် ရှေ့ကဖြတ်လျှောက်သွားတဲ့ ကောင်မလေး။ စုတ်ဖွားလေး အဲ့လေ... ဟို..ဟို.. ကောင်မလေး။ ရင်ခုန်သံသူခိုး။ ဟုတ်ပါဘူးလေ.. အယောင်ယောင် အမှားတော့ ဖြစ်ကုန်ပါပြီ။ အရေးထဲ ဆိုင်ထဲမှာလည်း ဗဒင် သီချင်းကိုမှ လာဖွင့်ထားရသေး။ ကျွန်တော်လည်း အခွင့်ရတာလေး အဆုံးရှုံးတော့ မခံနိုင်ဘူးဗျ။ ရတာလေးနဲ့ သူ့နောက်ကိုလိုက်ပြီး စကားပြောတော့တာပါပဲ။

ကျွန်တော်
စုတ်ဖွားလေး။ အဲ့ ကောင်မလေး။ ကျွန်တော့်ကို မှတ်မိလားဗျ။


ကောင်မလေးက သူ့ကို သေချာကြည့်ပြီးမှ
သြော်...မှတ်မိပြီ၊ မှတ်မိပြီ... ကဗျာဆရာရူးကြီး...


ကျွန်တော်
ဟုတ်ပါဘူးဗျာ။ ကဗျာလေးတွေက မင်းအတွက်ပါ။


ကောင်မလေးက မဲ့သွားပြီး
ရေးချင်တာ လျှောက်ရေးပြီးမှများ ကျွန်မအတွက်တဲ့...ဟွန့်


ကျွန်တော်
မဟုတ်ရပါဘူးဗျာ။ကျွန်တော်လေ ကောင်မလေးနဲ့ တွေ့မှ ကျွန်တော့်ကဗျာတွေ လန်းဆန်းလာတာ အမှန်ပါဗျ။


ကောင်မလေး
ဖြစ်ရမယ်လေ။ တို့ နဲ့တွေ့ရင် ကောင်လေးတွေအားလုံး အဲ့လိုပဲ ဖြစ်ရမယ်။။။


ကျွန်တော်
ကောင်မလေး ကျွန်တော့်ကို စိတ်မဆိုးနဲ့နော်။ ကျွန်တော်လေ ကောင်မလေးကို ချစ်တယ်ဗျ။


ကောင်မလေး
အလာကြီးပါလား။။။ကဲ ဒါဆို ကျွန်မမေးမယ်နော်။။ ကျွန်မကို ချစ်တယ်ဆိုရင် အချစ်အတွက်နဲ့ ရှင့်ကိုယ်ရှင် သတ်သေပြရဲလား။


ကျွန်တော် ပျော်ရွှင်သွားဟန်နဲ့
ကျွန်တော် ကောင်မလေးကို ချစ်တဲ့ အချစ်မျိုးက ဘယ်တော့မှ မသေနိုင်ပါဘူး။တစ်သက်လုံး ကောင်မလေးဘေးနားမှာ ရှင်သန်နေမယ့်အချစ်မျိုးပါခင်ဗျ။


ကောင်မလေး
အန်...ဘယ်လိုကြီးလ။ဲ


ဒိန်း....အား

ကျွန်တော်
သွားပါပြီဗျာ။ ခင်ဗျား ဘယ်လိုလုပ်လိုက်တာလည်းဗျ။ ဒီမှာ အားလုံး
ပေကုန်ပြီဗျာ။ လမ်းကို ဘယ်လိုလျှောက်လာတာလည်းဗျ။ ဒီမှာ လူတစ်ယောက်လုံး လာနေတာတောင် မမြင်ဘူးလား။ ပြီးတော့ ဒီမှာလည်း ပေကုန်ပြီဗျာ။ သွားပါပြီ ကျွန်တော့်ရဲ့ နေ့သစ်လေးကတော့။


ကောင်မလေး
မသိဘူးလေ ရှင်ပဲ ခဏက ရင်ခွင်ထဲကို တိုးဝင်လှည့်ပါဆို။ ကျွန်မကတောင် ရှင့်ကို ပြောရအုံးမှာ ရှင့်။ ကျမ လမ်းလျှောက်တာလေ့ကျင့်နေတာရယ်။ အချဉ်စားတတ်အောင် ကျင့်နေတာတွေ အားလုံး ပျက်ပါပြီ။


ကျွန်တော်
ဟုတ်...ဟုတ်ကဲ့ခင်ဗျ။ ကျွန်တော်မှားပါတယ်ခင်ဗျ။ ကျွန်တော်ကိုယ်က ဖြစ်လိုက်ရင် အရာရာနဲ့ အကြောင်းကြောင်းမို့ ခွင့်လွတ်ပါအစ်မ။



ကဗျာဆရာနဲ့ သူ့ကောင်မလေးကို စိတ်ကူးယဉ်ပီးရေးထားတာပါ။ သူငယ်ချင်း ဆု ကိုလည်း ကျေးဇူးတင်ပါတယ်နော်။

ဆက်ရန်...

>

အဝေးရောက်...တစ်ယောက်ဆီသို့

သြော်...
ခုံတန်းလေးလည်း
နှင်းတွေစိုလို့...

ချယ်ရီတွေတောင်
မင်းမမွှေးတော့
နွမ်းနေပါရော့လား...

တိမ်ပြာတွေ
ကောင်းကင်ဆီမှာတဲ့လေ
ငါ့အတွက် ညိုမည်းစွာ
ငိုပေးကြတော့မယ်...

ချိုလဲ့လဲ့ အပြုံးရိပ်တွေ
နံရံတွေမှာ ကပ်လျက်
ငါ့အခန်းကို တိတ်ဆိတ်စေတယ်...

အပြုံးမရှိတဲ့
နှုတ်ခမ်းထက်မှာ
မင်းနာမည်သာ
ပေကျန်နေပါရော့လား...

အထပ်ထပ်အော်ညည်းတဲ့
အလွမ်းသီချင်းတွေ
မှိုတက်လို့ တိပ်သားတွေပါ
ပေါက်ပြဲနေပြီချစ်သူ...

အချစ်ငှက်ငယ်ရေ...
နှလုံးသားကို သယ်ယူ
အလွမ်းတွေကို သူသိအောင်
သူရှိမယ့် နေရာထိလိုက်ပြီး
ပြောပေးပါလားဗျာ
ခံနိုင်ရည်အားတွေ ကုန်ခမ်းနေပြီလို့....

ဆက်ရန်...

Jan 3, 2008

>

အချစ်နဲ့... အရာရာဖန်ဆင်း

ကောင်းကင်ကို မော့ကြည့်
ကြယ်တစ်စင်း မင်းအတွက်
လင်းခဲ့တယ်.... ငါ့အချစ်နဲ့ပေါ့

ဆေးရောင်တွေ ခြယ်ကြည့်
လှပခြင်း မင်းအတွက်
ဖြစ်ခဲ့တယ်...ငါ့အချစ်နဲ့ပေါ့

အရာရာဖန်ဆင်း...
ချစ်သူ့ အတွက်
လမင်းဆိုလည်း ဖြစ်စေ...
ပန်းချီကားတွေလည်း လှစေ...

မင်းပေးတဲ့ လက်တစ်စုံသာ
ငါ့အတွက် အရာရာ အားဖြစ်စေ...

ဟိုး....အဝေးမှာလေ
လေပြည်တွေက မင်းအတွက်
ပန်းပွင့်လေးတွေ မင်းအတွက်
မိုးစက်လေးတွေထဲ မင်းပြေးဆော့လိုက်....
အရာရာဖန်ဆင်းမယ်လေ.... အချစ်နဲ့


ကောင်မလေး တစ်ယောက်နားကနေ ချစ်ခြင်းတွေ ဖန်ဆင်း......... မင်းအတွက် ကဗျာတစ်ပုဒ်ရှိခဲ့ဖူးတယ် ဆိုတဲ့ စာသားလေးတွေ့လို့ ဒီကဗျာလေး ဖြစ်လာခဲ့တယ်ဆိုပါတော့။

ဆက်ရန်...

Jan 1, 2008

>

ကဗျာဆရာနဲ့ သူ့ကောင်မလေး

ဆံပင်တွေကောက်
မြွေလို လျှောက်ရင်း...
အစားလည်းပုတ်
အတင်းကခုတ်...

ငါက ဘောပန်ဆို
မင်းက စာရွက်ဖြစ်ရာမှာ
ငါစာရေးရင်
မင်းက ငါ့ရဲ့ ဇာတ်ကောင်ပေါ့...
ခုတော့လေ...
ကိုယ်ကျိုးနည်း
ဖြစ်လိုက်မှဖြင့်
အရာရာနဲ့ အကြောင်းကြောင်း
လုပ်လိုက်မှဖြင့်
အားလုံးကိုလွဲရော...

ကယ်ကြပါအုံးဗျာ...
ကဗျာရေးနေပါတယ်ဆိုမှ
မော်ဒယ် လာလျှောက်ပြနေတယ်...

စိတ်ကူးရင်နေမှပဲ
ပါးစပ်က ပလုတ်ပလောင်းနဲ့
အတင်းလာခုတ်နေရော....

ကယ်ကြပါအုံးဗျာ။


စိတ်ကူးယဉ်ပြီး ရေးတာပါ... အဲ့လိုမျိုး ကောင်မလေးတစ်ယောက်လောက်ပဲ ရှိရင်ကို ကဗျာဆရာလေး ပျော်နေပါပီဗျာ။ :P

ဆက်ရန်...