Jan 4, 2008

>

ကဗျာဆရာရဲ့ အတွေးတစ်စ

ဇာတ်လမ်းအစက ဒီလိုဗျ...
ဒီနေ့... မိုးမရွာသလို၊ နေကလည်း သိပ်အပူကြီးတော့ မဟုတ်ပါဘူး။ ကဗျာဆရာပေါက်စလေး အလုပ်စရှုပ်တဲ့ နေ့ပေါ့ဗျာ။ ဘာလို့လဲဆိုတော့ သူရေးထားတဲ့ ကဗျာတွေကို ခုအရမ်းခေတ်စားနေတဲ့ blog( အွန်လိုင်းပေါ်က ကိုယ်ပိုင် ဒိုင်ယာရီ လို့ပဲ တင်စားပါရစေ) ပေါ်တင်ဖို့ အခွင့်ရလာတော့၊ မျက်ရည်ဝဲတယ်၊ ပျော်ရွှင်မှု အတိုင်းအတာတွေ မိုးအောင်ပျံတက်သွားသလိုပါပဲ။

ကဗျာလေးတွေ ဘယ်သူကိုမှ မပြရဲဘဲ သိမ်းထားခဲ့ရတာကြာပြီလေ။ ကဗျာရေးတဲ့ တစ်သက်ပေါ့။ဒီနေ့တော့ ကျွန်တော့်ရဲ့ ကဗျာလွယ်အိတ်ကလေးကို ကဗျာချစ်သူတွေသိအောင် ထုတ်ပြရတော့မယ်။ တွေဝေမနေတော့ဘူး၊ ကြောက်လန့်မနေတော့ဘူး။

ဒီလိုနဲ့ပေါ့လေ...မနက်စောစောပါပဲ မိုးကလည်း မရွာ၊ နေကလည်း မပူတဲ့အချိန်ကြီးမှာဗျာ။ ကဗျာလေးတွေတင်ဖို့ အင်တာနက်ဆိုင်ရှိရာကို အလာ ကံဆိုးခြင်းလား၊ ဖူးစာရှင်လားတော့မသိဘူး။ အလွန် ထူးခြားတိုက်ဆိုင်စွာပါပဲ။ ထီးတကားကားနဲ့ လမ်းအပြည့်လျှောက်လာတဲ့ ဆံပင်ကကောက်ကောက်၊ ပါးစပ်က ပလုတ်ပလောင်းနဲ့ ကောင်မလေးတစ်ယောက်ကိုမှ ကျွန်တော်ကလည်း ရှပ်ပြာ၊ ရှပ်ပြာနဲ့ ၀င်ဆောင့် မိတယ်ဗျာ။

ဒိန်း.....အား
ကံဆိုးခြင်းအစ... သူစားလာတဲ့ အချဉ်ထုပ်နဲ့မှ ကျွန်တော့်ရဲ့ အဖြူရောင် လည်ဂတုံးလေးကို ၀င်တိုက်လိုက်တာ အမလေး သွားပါပြီ။ ကျွန်တော့်ရဲ့ ကဗျာဆရာ ဘ၀အစလေးက အရောင်တွေနဲ့၊ အဖြူထည်လေးတော့ သွားပါပြီဗျာ။

ဟာ...ကောင်မလေးတစ်ယောက်ပါလား။ ဆံပင်က ကောက်ကောက်၊ ပါးစပ်ကလည်း ပေပွလို့ ညစ်ပတ်လိုက်တာ၊ ကျွန်တော် ခဏလေးတော့ ငေးလိုက်မိတယ်။ ကဗျာလေးတစ်ပုဒ်ကို သွားသတိရမိလို့ပါ။ တော်တော်တူတာပဲ။ ကျွန်တော် ရင်ထဲ တစ်ချက်တော့ နွေးသွားတယ်ဗျ။ တူတယ်ဆိုမှ တစ်ပုံစံတည်းပဲဗျာ။

မြန်တော့မြန်သား။ သူနဲ့ ကျွန်တော် တိုက်ဆိုင်ပုံများက ကျွန်တော်သုံးနေတဲ့ အင်တာနက်ဆိုင်မှာ နောက်တစ်ခါ ပြန်ဆုံတာပါပဲ ခင်ဗျ။ ဘေးချင်းကပ်လျက်သွားထိုင်မိလိုက်တာ ကျွန်တော့်အမှား။ တစ်ခုတော့ ကျေနပ်စရာ။ မနေ့က ကိစ္စကို သူက အရင်တောင်းပန်တယ်ဗျာ။ ဒါပေမယ့် သိပ်တော့ ဘ၀င်မကျလှဘူး။ ပါးစပ်က အစားက မပြတ်ဘူးလေ။ ဒါပေမယ့် ကျွန်တော်သူ့ကို ဒုတိယမြောက် ရင်ခုန်မိတယ်။ သြော်...ဆံပင်ကောက်ကောက်နဲ့ စုတ်ဖွားလေး။

ဒီလိုနဲ့ပါပဲလေ။ ကျွန်တော်လည်း ကဗျာတွေရေးလိုက် တင်လိုက်လုပ်နေတာ ၁လလောက်တောင်ရှိလာပြီပဲ။ သူမနဲ့မတွေ့တော့တာလည်း ၁လလောက်ပဲဆိုပါတော့။ သူ့ကိုပဲ လွမ်းသလို၊ အချဉ်ထုပ်လေးကိုပဲ သတိရနေသလို။ စိတ်ထဲရှိတာလေးတွေ လ္ဘက်ရည်ဆိုင်ရောက်မှ စာစီမိတယ်ဗျာ။ အဲ...အဲ့မှာပဲတိုက်တိုက်ဆိုင်ဆိုင် ရှေ့ကဖြတ်လျှောက်သွားတဲ့ ကောင်မလေး။ စုတ်ဖွားလေး အဲ့လေ... ဟို..ဟို.. ကောင်မလေး။ ရင်ခုန်သံသူခိုး။ ဟုတ်ပါဘူးလေ.. အယောင်ယောင် အမှားတော့ ဖြစ်ကုန်ပါပြီ။ အရေးထဲ ဆိုင်ထဲမှာလည်း ဗဒင် သီချင်းကိုမှ လာဖွင့်ထားရသေး။ ကျွန်တော်လည်း အခွင့်ရတာလေး အဆုံးရှုံးတော့ မခံနိုင်ဘူးဗျ။ ရတာလေးနဲ့ သူ့နောက်ကိုလိုက်ပြီး စကားပြောတော့တာပါပဲ။

ကျွန်တော်
စုတ်ဖွားလေး။ အဲ့ ကောင်မလေး။ ကျွန်တော့်ကို မှတ်မိလားဗျ။


ကောင်မလေးက သူ့ကို သေချာကြည့်ပြီးမှ
သြော်...မှတ်မိပြီ၊ မှတ်မိပြီ... ကဗျာဆရာရူးကြီး...


ကျွန်တော်
ဟုတ်ပါဘူးဗျာ။ ကဗျာလေးတွေက မင်းအတွက်ပါ။


ကောင်မလေးက မဲ့သွားပြီး
ရေးချင်တာ လျှောက်ရေးပြီးမှများ ကျွန်မအတွက်တဲ့...ဟွန့်


ကျွန်တော်
မဟုတ်ရပါဘူးဗျာ။ကျွန်တော်လေ ကောင်မလေးနဲ့ တွေ့မှ ကျွန်တော့်ကဗျာတွေ လန်းဆန်းလာတာ အမှန်ပါဗျ။


ကောင်မလေး
ဖြစ်ရမယ်လေ။ တို့ နဲ့တွေ့ရင် ကောင်လေးတွေအားလုံး အဲ့လိုပဲ ဖြစ်ရမယ်။။။


ကျွန်တော်
ကောင်မလေး ကျွန်တော့်ကို စိတ်မဆိုးနဲ့နော်။ ကျွန်တော်လေ ကောင်မလေးကို ချစ်တယ်ဗျ။


ကောင်မလေး
အလာကြီးပါလား။။။ကဲ ဒါဆို ကျွန်မမေးမယ်နော်။။ ကျွန်မကို ချစ်တယ်ဆိုရင် အချစ်အတွက်နဲ့ ရှင့်ကိုယ်ရှင် သတ်သေပြရဲလား။


ကျွန်တော် ပျော်ရွှင်သွားဟန်နဲ့
ကျွန်တော် ကောင်မလေးကို ချစ်တဲ့ အချစ်မျိုးက ဘယ်တော့မှ မသေနိုင်ပါဘူး။တစ်သက်လုံး ကောင်မလေးဘေးနားမှာ ရှင်သန်နေမယ့်အချစ်မျိုးပါခင်ဗျ။


ကောင်မလေး
အန်...ဘယ်လိုကြီးလ။ဲ


ဒိန်း....အား

ကျွန်တော်
သွားပါပြီဗျာ။ ခင်ဗျား ဘယ်လိုလုပ်လိုက်တာလည်းဗျ။ ဒီမှာ အားလုံး
ပေကုန်ပြီဗျာ။ လမ်းကို ဘယ်လိုလျှောက်လာတာလည်းဗျ။ ဒီမှာ လူတစ်ယောက်လုံး လာနေတာတောင် မမြင်ဘူးလား။ ပြီးတော့ ဒီမှာလည်း ပေကုန်ပြီဗျာ။ သွားပါပြီ ကျွန်တော့်ရဲ့ နေ့သစ်လေးကတော့။


ကောင်မလေး
မသိဘူးလေ ရှင်ပဲ ခဏက ရင်ခွင်ထဲကို တိုးဝင်လှည့်ပါဆို။ ကျွန်မကတောင် ရှင့်ကို ပြောရအုံးမှာ ရှင့်။ ကျမ လမ်းလျှောက်တာလေ့ကျင့်နေတာရယ်။ အချဉ်စားတတ်အောင် ကျင့်နေတာတွေ အားလုံး ပျက်ပါပြီ။


ကျွန်တော်
ဟုတ်...ဟုတ်ကဲ့ခင်ဗျ။ ကျွန်တော်မှားပါတယ်ခင်ဗျ။ ကျွန်တော်ကိုယ်က ဖြစ်လိုက်ရင် အရာရာနဲ့ အကြောင်းကြောင်းမို့ ခွင့်လွတ်ပါအစ်မ။



ကဗျာဆရာနဲ့ သူ့ကောင်မလေးကို စိတ်ကူးယဉ်ပီးရေးထားတာပါ။ သူငယ်ချင်း ဆု ကိုလည်း ကျေးဇူးတင်ပါတယ်နော်။

ဆက်ရန်...

>

အဝေးရောက်...တစ်ယောက်ဆီသို့

သြော်...
ခုံတန်းလေးလည်း
နှင်းတွေစိုလို့...

ချယ်ရီတွေတောင်
မင်းမမွှေးတော့
နွမ်းနေပါရော့လား...

တိမ်ပြာတွေ
ကောင်းကင်ဆီမှာတဲ့လေ
ငါ့အတွက် ညိုမည်းစွာ
ငိုပေးကြတော့မယ်...

ချိုလဲ့လဲ့ အပြုံးရိပ်တွေ
နံရံတွေမှာ ကပ်လျက်
ငါ့အခန်းကို တိတ်ဆိတ်စေတယ်...

အပြုံးမရှိတဲ့
နှုတ်ခမ်းထက်မှာ
မင်းနာမည်သာ
ပေကျန်နေပါရော့လား...

အထပ်ထပ်အော်ညည်းတဲ့
အလွမ်းသီချင်းတွေ
မှိုတက်လို့ တိပ်သားတွေပါ
ပေါက်ပြဲနေပြီချစ်သူ...

အချစ်ငှက်ငယ်ရေ...
နှလုံးသားကို သယ်ယူ
အလွမ်းတွေကို သူသိအောင်
သူရှိမယ့် နေရာထိလိုက်ပြီး
ပြောပေးပါလားဗျာ
ခံနိုင်ရည်အားတွေ ကုန်ခမ်းနေပြီလို့....

ဆက်ရန်...