ဘ၀တဲ့...မုန်တိုင်းနဲ့တူလေရော
လေပြင်းတစ်ချက် တိုက်လိုက်တာ
ငါ့တဲအိုလဲ ပျက်ရော...
ဘ၀တဲ့...မိုးကြိုးလိုပါပဲလား
လူတွေအားလုံးထဲ ငါ့ကိုမှ
ဦးတည်လို့ တည့်တည့်ပစ်ရက်တယ်
ငါ့ရင်မှာ မီးလောင်ပြာကျရော...
ဘ၀တဲ့...ပျက်လုံးတစ်ခုလေလား
လူရွှင်တော် ပါးစပ်ထဲရောက်ဖို့
ငါ့အနာဂတ်ကို အတင်းနဲ့ရောပြီး
ပျက်လိုက်ကျလေရော...
သြော်..ဘ၀ ဘ၀...
ငါမင်းကို ပေးစရာ
အကြွေးမကျန်တော့ပါဘူးနော်...
အမှန်က ကျွန်တော် ဒီကဗျာလေးကို တင်ဖို့ ရည်ရွယ်ချက် မရှိခဲ့ပါဘူး။ ညီမလေး ရတနာစိုး က ကျွန်တော်ရေးထားတဲ့ ဘ၀ကဗျာကို ပေးဖတ်ပါလားဆိုလာတော့ သူ့ကိုပြလိုက်ရင်းက ကျွန်တော်လည်း ကျွန်တော့်လို ခံစားချက်တူတဲ့ လူတွေရှိမှာပါဆိုပြီး တင်လိုက်တာပါ။
Dec 31, 2007
ဘ၀တဲ့လေ...
နေခဲ့တော့လေ
ဒီနေ့တော့ ပြက္ခဒိန်တစ်ခုရဲ့
အရောင်အမှိန်ဆုံးနေ့ပေါ့ဗျာ။
မနက်ဖြန်ဆိုရင် ပြက္ခဒိန်အသစ်က
ဘယ်မင်းသမီး ဘယ်မင်းသားနဲ့များ
ထွက်လာမလဲနော်။
အသစ်၊ အသစ်တွေထွက်နေပေမယ့်
ငါ့ရဲ့စိတ်က ဒါပါပဲလား
အရောင်တွေမှိန်ဆဲ။
အတိတ်ကို ပြန်ပြန်ကြည့်ရင်း
ငါနှမြောရင်း၊ ငါတမ်းတရင်း
နေလာမိတာလေ...
တော်တော်ကြာခဲ့ပြီ။
အတိတ်အပိုင်းအစလေးရေ...
ဒီတစ်ခါတော့ မင်းကို
ငါမနေ့က နေရာမှာပဲထားခဲ့ပါရစေတော့။
ငါသွားတော့မယ်...
အရောင်တွေစုံတဲ့ နှစ်သစ်ဆီကို
အတိတ်ကို မေ့လိုက်ပါရစေ။
ခွင့်လွတ်ပါ အတိတ်အပိုင်းအစလေးရေ...
Dec 29, 2007
ဘကုန်း နဲ့ ၀လုံး
မှန်တစ်ချက်ကို ယူကြည့်
မင်းကိုယ်မင်း မှန်ပြီလားလို့...
ဘ၀ဆိုတာ လွယ်တယ်ထင်ရင်ရေးကြည့်
ကုန်းပြီး ၀ိုင်းနေလားလို့...
မင်းတွေ့လား
ရှေ့မှာ အနာဂတ်ရှိပေမယ့်
မင်းနောက်က အတိတ်တွေလိုက်နေတယ်
မင်းကိုယ်မင်း မှန်ခဲ့ရဲ့လား။
ဝလုံးက ရှေ့ကပြေးနေပေမယ့်
ဘကုန်းက မင်းနောက်လိုက်နေတယ်နော့်။
စဉ်းစားအုံး...
မှန်တယ်ထင်ရင်တော့ ဆက်လုပ်ပေါ့။
ရင်တွင်းစကား
ငါ့ဒါဏ်ရာက မင်းထက်ပိုပါတယ်။
မင်း ငိုပေးယုံနဲ့
ငါဖြေသိမ့်တဲ့ ညတွေ
ရေတွက်လို့ မရခဲ့ပါဘူး။
နေ့တွေ တရွေ့ရွေ့ဖြတ်ခဲ့တာ
ခုဆို နှစ်တွေကူးလာပြီ။
အသည်းနာတယ်...
ရင်ကွဲပတ်လက်
ကြေကွဲရက်တွေ
တစ်စစနဲ့ လောင်မြိုက်တဲ့ရင်...
နာကျင်ပါစေတော့လေ။
ရှုံးပြီးရင်းရှုံး
အမုန်းနိဂုံးနဲ့
အဝေးဆုံးကို ပြေးထွက်သွားတာ
နှစ်နှစ်ရှိပြီနော်။
မေ့ပစ်ဖို့
ဒီရင်ကို ဘယ်လိုအမိန့်မျိုး
ပေးရပါ့မလဲ။
အိပ်မက်တော့ မဟုတ်ခဲ့ပါဘူးလေ။
နိုးလာတော့
ငါ့မျက်ဝန်းမှာ မျက်ရည်တွေနဲ့။
မငိုပါနဲ့တော့ မျက်ဝန်းရယ်...
ငါ့ဒဏ်ရာက မင်းထက်ပိုပါတယ်။
Dec 27, 2007
အမေပေးတဲ့ အသိတရား
ခုဆို မေမေမွေးခဲ့တာ
သားအသက် ၂၁နှစ်ရှိပြီ။
အမေ့မျက်နှာ ညိုးရင်း၊ ငယ်ရင်းက
သား... လူလားမြောက်ခဲ့တာ။
အမေ...
မျက်ရည် သိုသိပ်
အံကိုကြိတ်ကာ
နွေတွေ၊မိုး ဆောင်း
အချိန်တိုင်းပြောင်းလည်း။
ဒီမှာ... ငါ့သား
လောကအလည်
မားမားလျှောက်လို့
ဘုရားကို သိ
သစ္စာရှိဖို့ အမေသင်ခဲ့မယ်သား။
သတ္တိကိုမွေး
ရင်ထဲအေးဖို့
အမြဲဆုတောင်းပါသား။
တစ်နေ့တော့သွားရမှာပဲ
တွေးကြောက်ဖို့ထက်
အသိရှိဖို့တာကြိုးစားနော်..သားတဲ့။
(အမေ သားအားလုံးကို ပြန်ကြားနေရတယ်ဗျာ)
Dec 26, 2007
ရှုံးနိမ့်သူ တစ်ယောက်အကြောင်း
အချိန်တွေ...
နာရီလက်တံတွေကို
ပြောင်းပြန်လှည့်ကြည့်မိတယ်...
ငါဒီလို ဘ၀မျိုး ဘယ်လိုရောက်လာပါလိမ့်လို့။
ငါရည်ရွယ်တဲ့ အင်ဂျင်နီယာ
ခုဖြစ်နေတာက လူရွှင်တော်...
ဘာတွေများ လွဲခဲ့ပါလိမ့်။
ဆိုချင်တဲ့ သီချင်းတွေ
ခုငါမရေးတတ်တော့ဘူး
ဘာတွေများ အတွေးချော်ခဲ့ပါလိမ့်။
လိုချင်တဲ့ အနမ်းတွေ
ခုထိတော့ သိမ်းထားမိတယ်
အိပ်မက်ထဲမှာလေ။
ဘာတွေများ လဲချော်ခဲ့ပါလိမ့်။
မထင်ခဲ့ဘူးလေ
ဒီလိုဖြစ်လာမယ်လို့။
ဒီလိုနဲ့ပဲ...
ဒီလိုအချိန်တွေကို ဖြတ်ရင်း
နောက်တစ်ခါ ဒီလိုအချိန်ကို
ပြန်စဉ်းစားမိရင်
ဒီလို အကြောင်းပဲ တွေးမိမယ်ထင်ပါရဲ့ဗျာ။
(ဘာလို့လဲဆိုတော့ ကျွန်တော်က အမြဲတမ်း ရှုံးနိမ့်သူတစ်ယောက်ကိုးဗျ။)
Dec 24, 2007
အသည်းကွဲ တမ်းချင်း
တိမ်တွေတောင် ညိုနေပြီလေ။ ငှက်ကလေးတွေ အတောင်တွေဝဲလို့ အသိုက်ဆီပြန်လေပြီ။ အဝေးက မီးခိုးတန်းတွေက အရင်အတိတ်လို ပါပဲလား။ ငါ့ခြေထောက်တွေ ဦးတည်ချက်မဲ့နေပြီ။ ဘယ်ဆီကို ခရီးဆက်ရမလဲ။
မင်းနဲ့ ပတ်သက်ပြီး မနက်ခင်းတွေကို ငါချစ်တတ်ခဲ့သလို၊ ညနေဆည်းဆာတွေလည်း ငါ့အိပ်မက်တွေ ဖြစ်ခဲ့ဖူးတယ်။ ချစ်မိတာ အပြစ်မဟုတ်ပေမယ့် ခံစားရသူမှာတော့ အပြစ်ရှိနေမှန်း ငါဝေးမှ သိတော့တယ်။ မင်းပေးတဲ့ လမ်းခွဲခြင်းက အချစ်အတွက် အပြစ်ဆိုရင် အပြစ်ဒဏ်က အရမ်းကို ကြီးလွန်းပါတယ်။
မျက်ဝန်းအိမ်မှာ မျက်ရည်တွေရှိနေပါလျက် ငါငိုလို့မရဘူး။ မျှော်နေမှန်းသိလျှက်နဲ့ ဝေးဝေးလာတယ်။ ဒါတွေဟာ ၀ဋ်လား။ အဲ့ဒီလိုဆိုရင်လည်း ကျေပါတော့ ဒီဘ၀နဲ့တင်။ ငါသွားစရာလမ်း မရှိအောင် ပိတ်လောင်နေတယ်။ မှိုင်တွေနေတဲ့ ငါ့စိတ်တွေ အတိတ်ကိုသာ ရောက်နေတယ်။
1999 january
အဖြူ၊ အစိမ်းတွေနဲ့ ကျောင်းတော်တစ်ခုမှာပေါ့။သူ့ကို ပထမဆုံးစပြီး မြင်ဖူးခဲ့တယ်။စတွေ့တဲ့နေ့ကပဲ သူ့ကို ကဗျာတစ်ပုဒ် အဖြစ်ခံစားဖူးခဲ့သေးတယ်။
ကောင်မလေး
ကြွေကာ၊မောကာ
ရင်ခုန်ရတယ်။
ငါ့အနမ်းတွေ၊ ပန်းတွေကြားမှာ
ပျော်နေတယ်လို့
ငါအိပ်မက်တယ်။
အနု၊အရွ တွေကြား
ငါ့ဖူးစာဟာ မင်းလေလား?
ငါရင်ခုန်တယ်။
ချစ်သူမင်းကိုငါ ကဗျာပေါင်းများစွာ လက်ဆောင်ပေးခဲ့ဖူးပေမယ့် ဒီကဗျားလေးကိုတော့ မပေးခဲ့မိဘူး။ ခုတော့ ငါ့ကဗျာလေးဟာ ငါမေ့ခဲ့တဲ့ အသည်းကွဲနိမိတ်လား။ ငါမတွေးတတ်တော့ဘူး ချစ်သူရယ်
Dec 22, 2007
ကြွေ
ကြွေပြီ...
ပန်းတွေတော့ မဟုတ်ဘူး။
သစ်ရွက်တွေလည်း မဟုတ်ဘူး။
ကြယ်တွေလည်း မဟုတ်ဘူး။
ငါ့ရင်က
မင်းကြောင့်ဖြစ်တဲ့ မျက်ရည်တွေသာ
ပါးပြင်ပေါ် လွမ်းတိုင်း ကြွေနေတယ်။
မျှော်မနေနဲ့လို့ မင်းပြောထားလည်း
ကြေကွဲခြင်းတွေက မင်းကိုသာ
မက်မောနေတယ်။
ဝေးဝေးလာတဲ့ မိုင်ပေါင်းများစွာမှာ
မင်း... ပျော်နေရောပေါ့လေ။
ငါ့မှာတော့...
ဒီလောကမှာ အချစ်အတွက်
အကြီးအကျယ်ဆုံးရှုံးမှုကို
ဘာသာစကားတစ်ခုလို သုံးရရင်
ပါးပြင်ပေါ် ကြွေလာတဲ့ မျက်ရည်တွေသာ...
ဖြစ်ပါလိမ့်မယ်။
Dec 21, 2007
စိတ်နာတယ်.... နှင်းဆီ
Dec 20, 2007
မင်း... ယုံ
ဘ၀ရဲ့လှိုင်း
ဘယ်လိုတွေ့ကြုံ
မင်းရှိရင်
ကူးခတ်မယ်လို့
ငါကျိန်မယ်။
မျှော်လင့်တယ်
ငါလျှောက်တဲ့ ဘ၀ကြမ်းလမ်းကို
အနားမှာ အမြဲ
အပြုံးတွေနဲ့ ခွန်အားပေးပါ။
အကြိမ်ကြိမ်ဆုံးဖြတ်...
ငါ့အသက်သည် ရင်ဘတ်မှာ
ငါ့ရင်ဘတ်သည် မင်း
ဒါဆို မင်းဟာ
ငါ့ဘ၀ ငါ့အသက်။
မင်းထားခဲ့ရင် ရင်မှာကွဲအက်လို့
မင်းသာကျေနပ်ရင်
ငါအသက်ဆက်မယ်
နောက်ဘ၀တွေထိ မင်းနဲ့။
မင်း... ယုံ။
Dec 19, 2007
ဝတ္ထုတစ်ပုဒ်ရဲ့ ဇာတ်သိမ်းပိုင်း
ဆိုပါစို့...
ထိပ်ပြောင် ဆီရွှဲ
ရွှေပိုးတွဲနဲ့၊
အခါတော်ပေးထက် ယဉ်သူကမင်း။
ရွှေလက်တွဲလို့ (အမယ်...ထိပ်ရွှဲက ခလုတ်တိုက်လှဲကျတာတောင် ပျော်လို့)
မရှက်ဘူးဗျာ။
ရင်ခုန်သံ တစ်ဒုန်းဒုန်းနဲ့
ခန်းမတစ်ခုလုံး ဟီးလို့။
လှိုက်လှဲတဲ့ အပြုံးတွေ၊
လှောင်ပြုံးတွေက
တစ်ဖျတ်ဖျတ်ရိုက်နေတဲ့ ကင်မရာ အပြည့်။
မယ်... မောနေပါရော့လားလို့
ချွေးသုတ်၊ ရေတိုက်နေတဲ့
ထိပ်ရွှဲတော့ ဇမ္ဗူတစ်ခွင်မှာ
ကံ အကောင်းဆုံးလူ ဖြစ်ပြီပေါ့။
ပြီးပါပြီ
Dec 15, 2007
ငါ့...ဆုတောင်း
လရိပ်ချို...
အကာဆီးတစ်ခုနောက်
ရေးရေးလေး ပေါ်နေတယ်။
ကြေကွဲစွာ ငိုတဲ့မျက်ရည်
အခန်းထဲမှာ ပျံကြဲလို့။
တစ်ဖြည်းဖြည်း ရူးလာတဲ့ ငါ...
နှလုံးသားရလဒ်။
ဘယ်တူပါ့မလဲ...
အခန်းဆီးနောက်က လရိပ်နဲ့...
အပြင်မှာ လှနေသလောက်
အခန်းကျဉ်းက ဒါဏ်ရာတွေနဲ့။
ချိုမြိန်တဲ့ ပျားရည်
ပျားတွေက စုတ်ယူသလို။
ငါငိုတယ်၊ ကြေကွဲစွာ။
ဒါဏ်ရာသာ ငါဆိုရင်
လရိပ်လို အေးမြမှုက
မင်းဖြစ်ပါစေ...ချစ်သူ
မာတိကာတွေ များတဲ့အိမ်
(၁)
ရိုးရိုးပဲပြောပေါ့
အချစ်က ပန်းသီးဆိုလည်း
ခွဲစားဖို့တော့ ဓါးလိုမှာပဲ။
(၂)
လာခဲ့လေ
အိပ်မက်မှာ တွေ့ချင်ရင်
ညတစ်ညတော့ လိုမှာပဲ။
(၃)
ကောင်မလေး
သစ်ရွှက်ကြွေတာတောင် ရင်ခုန်ရင်
ချစ်တတ်ဖို့ အသည်းနှလုံးတော့ လိုမှာပဲ။
(၄)
ဆုတောင်းလိုက်ပေါ့
မင်းနဲ့သာ ဘ၀ဆက်တိုင်း ဆိုရင်
ကမ္ဘာတွေ အသင်္ချေတော့ လိုမှာပဲ။
(၅)
စိတ်ကူးတော့ ယဉ်ပေါ့
အချစ်ကို သွားတော့မကစားနဲ့
များလွန်းတဲ့ မာတိကာတွေက
မင်းကို အသည်းခွဲမှာတော့ သေချာတယ်။
Dec 13, 2007
အလည်လာပါ မြေပြန့်သူ
ခုဆို ခေါင်မိုးပေါ်က
ဆီးနှင်းကျသံတွေ၊ လေအေးအေးတွေ
မနက်ခင်းကို လှုပ်နိုးလို့
ငါတို့ ဆောင်းအခါ ရောက်ခဲ့ပြန်ပြီ...
ငယ်ငယ်က စောင်ခြုံလျက်
မီးဖိုဘေးက အဖွားကို သတိရတယ်...
စောင်ခြုံ၊ မီးလှုံရင်း ခေါပုတ်စားရတာ
ဆောင်းရာသီရဲ့ အချိုမြိန်ဆုံး အရသာတဲ့...
ဝန်းရံတောင်တန်းတွေလည်း အုံ့မှိုင်းလို့
နှင်းရည်တွေ အငမ်းမရ စုတ်ယူရင်း
ပွင့်လေပြီ၊ ဆောင်းအလှပန်းတွေ...
ကွေ့ကောက်တဲ့
လမ်းလေးတွေအတိုင်းတာ လာခဲ့ပါ...
မိုးကုတ်မြီးရှည်စားရင်း မိုးကုတ်အလှတွေက
မင်းစိတ်ကို ပျော်စေပါ့မယ်...
ရွှေနားတော်ထက် ပန်ဆင်မယ့်
ရတနာတွေလည်း ရွေးလှည့်ပါ...
ချမ်းအေးလွန်းရင်လည်းပြောပေါ့
တောင်ပေါ်သားတွေရဲ့ ရင်ခွင်က
အားလုံးအပေါ် နွေးပါတယ်...
အချိုဆုံး အပြုံးတွေက တောင်တန်းတွေတိုင်းမှာ
ရှိနေပါတယ်။
ဆောင်းရာသီရဲ့ အေးမြမှုလေးကို ကြိုက်ရင်
ချစ်စရာ ရှုခင်းတွေနဲ့ ဆောင်းနေကြာလေးတွေက
အမြဲကြိုဆိုလျက်ပါ။
တောင်ပေါ်သားကို ချစ်ရင်
အလည်လာပါ မြေပြန့်သူ။
Dec 12, 2007
အရိပ်
သစ်ရိပ်ရယ်လို့ မြင်တာနဲ့
အေးချမ်းတယ်ထင်ပြီး
ငါ..အကြိမ်ကြိမ် ၀င်နားဖူးတယ်။
သတိလက်လွတ်ပဲ။
ကိုင်းတွေကျိုး ရွှက်တွေကြွေတော့မှ
ဘယ်မှာ ဆက်နားရမလဲ ...ဘဝ
ထိပ်ဆုံးကို ရောက်ချင်နေမှ
အမြင့်က မိုးတွေ သည်းလာတယ်။
ငါ့ဆက်နားခိုရာ
အရိပ်စစ်စစ် ဘယ်မှာလဲ။
အသိစိတ်တွေ ကင်းနေတဲ့ ညတွေ
သန်းခေါင်ယံကျော်ပေါင်း များများလာတော့
ငါ တစ်ခုခုကို ကြောက်ကြောက်လာတယ်။
တစ်ခါတစ်လေ ငယ်တုန်းကလို
မနက်ခင်းဆည်းဆာကို ကြည့်ချင်နေမှ
နေ၀င်ချိန်ကို မြင်မြင်လာတယ်။
ငါ့ နေ၀င်ချိန်များ ရောက်လေတော့မလား။
အမေ....
အရိပ်တွေမဲ့မဲ့လာတဲ့ သားဘဝ
ဘယ်မှာ ဆက်နားရမလဲ၊ ပြောပါအုံးမေမေ
သားသိလာတဲ့ အရိပ်ဆိုတာ
ဘယ်အချိန်မှ တည်မြဲမလာတော့ဘူး၊
ဒါပေမယ့် မေမေ
သားရင်မှာ တစ်ခါတစ်ခါ အေးချမ်းလာတယ်
အမေ့အရိပ်။
သားဘယ်လောက်ပဲ ပူလောင်နေပါစေ
အမေဆိုတာလေးနဲ့ သားအေးချမ်းလာတယ်...
သား နားလည်လာပြီ မေမေ။
အရိပ်တွေ အားလုံးထဲမှာ မေမေ့ အရိပ် (မိဘ အရိပ်)သာ
အေးချမ်းဆုံးဆိုတာ မိဘနဲ့ ဝေးလေလေ
ပိုပိုသိလာလေလေပါပဲဗျာ။
Dec 9, 2007
?
ကြယ်တွေကြွေနေတယ်
ကောင်းကင်...
တိမ်တွေပြာနေပေမယ့်
ငိုနေတယ်...
မျက်ရည်ရောင်ချယ်ဆေးတွေ
မင်း ပြတ်သားစွာ ရေးချယ်...
မြေပြင်မှာ မျက်ရည်ရယ်လို့
မင်းဆီကကြွေတဲ့ကြယ်သာ...
ရေဆန်မှာ ပျော်မယ်ဆိုတာ
နောက် ဘ၀လေလား...
ခုမှာတော့ ရေစုန်ကို
မျက်ရည်နဲ့မျော...
အပြူံးတွေကို ရင်မှာစုလို့
လိုချင်တယ်... မင်းဆီက နောက်ဆုံးစကား
အချစ်ဆိုတာ....
ဘာလဲချစ်သူ?
Oct 25, 2007
ငါတို့ အနာဂတ်
ပျော်ရွှင်ခြင်းဆိုတာ
မင်းသိရင်
အေးစက်နေတဲ့ ငါ့လက်လေးကို
ဆုပ်ကိုင်ထားပါနော်...
နွေးထွေးမှုဆိုတာ
မင်းသိရင်
တုန်ရီနေတဲ့ ငါ့နှုတ်ခမ်းကို
ခူးခြွေလှည့်ပါ...
ရှင်သန်ခြင်းဆိုတာ
မင်းနားလည်ရင်
ငါရင်ခုန်တိုင်း မင်းဆိုတာ
သိထားပါနော်...
အနာဂတ်ဆိုတဲ့ အဓိပ္ပာယ်ကို
မင်း ပုံဖေါ်တတ်ရင်
ငါတို့ နှစ်ယောက်ရဲ့အိမ်ကလေးကို
မင်းရင်ခွင်မှာ တည်ဆောက်ခွင့်ပြုပါ...မေ
အဝေးဆုံးကို မင်းလှမ်းကြည့်တဲ့အခါ
သေဆုံးခြင်းကို မင်းတွေ့မှာပဲ...
ကြုံလာမှာပဲ...ချစ်သူ
တွေးကြောက်နေဖို့ထက်
ငါတို့ရဲ့ လက်တွေ ခိုင်မြဲဖို့သာ
အရေးကြီးဆုံးပါ...
ရိုးမြေကျ ချစ်နေဖို့သာ
မင်းရင်မှာ ရှိနေပေးပါနော်....
ဒါဏ်ရာတွေနေတဲ့ တိမ် (သို့) ငါငိုတဲ့မိုး
ဒဏ်ရာတွေနေတဲ့ တိမ်
မျက်ရည်ကို မိုးအဖြစ်ရွှာခဲ့တယ်...
အသည်းမှာ အနာတရတွေကို
ဖာထေးပါလျှက်နဲ့
အနာပေါ် တည့်တည့် ပစ်ချတဲ့
မင်းရဲ့ မိုးကြိုး....
ရှည်လျားတဲ့ မိုးခြိမ်းသံတွေမှာ
ငါ့ရင်ဟာ အဓိပ္ပာယ်မဲ့ ကွဲအက်လာတယ်...
ဒါတောင် အမှတ်မရှိတဲ့ငါ
အခါခါ နာကျင်နေပါလျက်
မင်း ဆိုတဲ့ ကောင်းကင်ကို ကြည့်မိနေတုန်းပဲ...
အချစ်ကို မိုက်ကန်းအောင်
လေထဲမှာဝဲလို့ ကောင်းကင်ထိ ငါပြန်သန်းခဲ့တယ်...
ဒါပေမယ့်
မင်းဆီကို ပျော်ရွှင်ခြင်းနဲ့
ငါမရောက်ခဲ့ပါဘူး...
မုန်တိုင်းတွေနဲ့ ငါ့ကို ဝေးစေတယ်...
မိုးရေတွေမှာ ငါဟာမေ့မျောလို့...
မင်း...
တစ်နေ့တော့ ကြည်လင်လာအုံးမှာပါ ကောင်းကင်...
ဒဏ်ရာတွေနေတဲ့ တိမ်
မရှိတော့တဲ့ အခါ....
အနှိုင်းမဲ့ မေမေ
ညရဲ့ ကောင်းကင်တွေမှာ
ကြယ်လေးတွေ ယှက်ပြေးနေတာကို
မေမေ့ရဲ့ အပြုံးလေး တစ်ချို့နဲ့ နှိုင်းရင်
ကြယ်လေးတွေ ပျောက်ကွယ်ကုန်ကြလိမ့်မယ်..မေမေ
ဘာလို့လဲဆိုတော့
သူတို့နဲ့ မထိုက်တန်လို့တဲ့...
မေမေ့ရဲ့ စကားသံချိုလေးတွေက
ဆည်းလည်းလေးတွေ သောင်းနဲ့ချီပြီး
ပြေးလွှားနေသလိုပါ...
ဒါပေမယ့် မေမေ့စကားသံလေးတွေကြောင့်
သံဇဉ်လေးတွေ ရပ်တန့်ကုန်ကြတယ်..
ဘာလို့လဲ လို့မေးရင်
ဒီကမ္ဘာမှာ မေမေ့စကားသံလောက်
ငြိမ်းချမ်းတဲ့ တေးသွားတွေလို
ဘယ်သံဇဉ်တွေကမှ မဖေါ်ကြူးနိုင်သေးလို့တဲ့...
မေမေ...
ဒီကမ္ဘာမှာ မေမေသာလျှင်
သားတို့ရဲ့ ကြယ်စင်
သားတို့ရဲ့ တေးသွားတွေပါ...
မေမေသာ မရှိခဲ့ရင်
ကြယ်စင်တွေရော၊
တေးသွားတွေကပါ
ဒီကမ္ဘာကို ပိုင်စိုးကြလိမ့်မယ်...
ဒါပေမယ့်
သားမကြောက်ပါဘူး...
ဘာလို့လဲလို့ အားလုံးကမေးကြရင်
မေမေဆိုတာ သားတို့ရဲ့ရင်မှာ
အရာရာကို ပေးစွမ်းတဲ့သူ၊
အရာရာကို ဖန်းတီးပေးနိုင်တဲ့ အနှိုင်းမဲ့ မေမေ
ဖြစ်နေလို့ပါပဲ...
(သားချစ်သော မေမေကို ဒီကဗျာလေးနဲ့ ကန်တော့ပါရစေ)
မင်းရဲ့ဥပေက္ခာ
လူတစ်ယောက်ကို
လွယ်လွယ်နဲ့ချစ်တယ်...
ပြီးတော့ လွယ်လွယ်လေးပဲ
မေ့ထားခဲ့တယ်...
မင်း... ပျင်းတဲ့အခါ
ငါ့ကို စကားလာပြောလိုက်...
မင်း..ပျော်တဲ့အချိန်ကျတော့
ငါနဲ့ အဝေးမှာပေါ့...
ငါချစ်မိတဲ့ အချစ်တွေက
မင်းရဲ့ ဥပေက္ခာ ပစ်မှတ်မှာရှိနေတော့
ငါဆိုတာ သေလူပါပဲ...
ငါ့မှာ အသက်သာရှိပေမယ့်
ငါ့နှလုံးသားကို မင်းသတ်သွားပြီ...
ချစ်တယ်လို့...
လွယ်လွယ်နဲ့ ပြောခဲ့ပြီးမှ
ချစ်သူကို အလေးမထားခဲ့ရင်
အဲ့ဒီလူဟာ
လူသားမဆန်တဲ့လူပဲ.......
အဝေး
မင်းသွားမဲ့လမ်းကို
ငါမတားရက်ပါဘူး...
မင်းရဲ့ လမ်းမှာ ငါဆိုတာ
အတားအဆီးတစ်ခု ဆိုခဲ့ရင်
ရှောင်ခွါလို့ အဝေးကိုပြေးပါ့မယ်...
မင်းနဲ့ ဝေးပေမယ့်
မင်းချန်ထားခဲ့တဲ့
နေရာလေးတွေမှာ
ဖြစ်သလိုပဲ
ပျော်အောင်နေတတ်ဖို့
ငါကြိုးစားနေပါတယ်...
ငါဟာ မင်းအတွက်
အချစ်ကလွဲပြီး ဘာတစ်ခုမှ
မပေးနိုင်ခဲ့တာကတော့
ငါ့ရဲ့ အကြီးမားဆုံး အားနည်းခြင်းပဲဆိုတာ...
သိလိုက်ရတဲ့ အချိန်ကျတော့
မင်းက ငါ့ရဲ့ ဝေးဆုံးကို
ထွက်သွားခဲ့ပြီလေ...
ဒါပေမယ့်... ရယ်...
မင်းရင်ခွင်ရဲ့ အနီးဆုံးနေရာမှာ
ငါ့နှလုံးသား၊
ငါ့အချစ်၊
ငါ့ဘ၀..အားလုံးကို
မင်းနဲ့ မဝေးခင်တုန်းကရင်း
မြုပ်နှံခဲ့ပြီးလို့ ....ခုဆို...
ငါ အားလုံးကို ကျေနပ်နေပါပြီလေ....
ခေါင်းစဉ်မရှိ...
ငါချစ်နေရင် သူလည်း
ပြန်ချစ်မယ်ဆိုတာကို
ယုံကြည်ခဲ့လို့
ငါဆိုတာ....ဘ၀ပျက်ခဲ့ပြီးပြီ...
သူ့အနားမှာ အချိန်တိုင်း
ရှိနေချင်လို့
ငါဘာမဆို ပေးဆပ်ရင်းက
အများမုန်းတဲ့ ငပေကြီးလို
ဖြစ်နေရင်းကလည်း
သူ့ကို ဆက်ချစ်ခဲ့ပြီးပြီ...
ငါ့မှာ သူနဲ့ဝေးရဖို့
ခံနိုင်အား မရှိခဲ့တာ အမှန်ပါ...
မျက်ရည်ကို အချစ်နဲ့မျှား
ငါ့အချစ်ကို ဘ၀ထပ်ပေးခဲ့သလောက်
ငါပြန်ရတော့...........
မျက်ရည်...
လမ်းခွဲခြင်း...
ပတ်ဝန်းကျင်ရဲ့ အမုန်း....
ငါဘာလို့ ငါ့ပတ်ဝန်းကျင်နဲ့
ဝေးနေတယ် ဆိုတာ
သိပြီလား..... သူငယ်ချင်း
နင်ငါ့ကို မေးတယ်နော်...
ငါ သူ့ကို ပြန်ချစ်ရမလားလို့.....
ငါ့ကို အရင်ကြည့်ပေါ့...သူငယ်ချင်းရာ......
ငါ့ည ဒိုင်ယာရီ
ငါ မင်းနဲ့ တွေ့ပြီးနောက်တစ်ရက်ည....
ဘယ်သူမှ မသိလိုက်ပဲ
ငါ အိပ်မောကျသွားတယ်...
အိပ်မက်မှာ
မင်းလာခေါ်တဲ့ ငါ့အခန်းဟာ
အရောင်မှိန်ဖျော့ဖျော့နဲ့ပေါ့...
မင်းရဲ့လက်တွေကလည်း
အေးစက်လို့...
မျက်ဝန်းတွေကလည်း
မည်းနက်လို့...
ငါ့ရင်တွေ ၀ုန်းဒိုင်းကြဲနေတယ်...
မင်းဆုတ်ကိုင်ထားတဲ့ ငါ့လက်တွေမှာ
ရမ္မက်တွေပါသွားလား...ငါမသိ...
တုန်ရီတဲ့ နှုတ်ခမ်းတွေက
ဘယ်ကမ္ဘာကို ခေါ်သွားလဲ...
ငါဟာ မိုက်ခနဲ... သတိဆိုတာနဲ့
အဆက်ပျက်သွားတယ်...
ငါပြန်သိလာတော့
ဟိုး...........အဝေးကြီးမှာ
အပြာရောင်အလင်းတန်းတွေ
ငါမြင်နေရတယ်...
ငါ့ဘေးမှာလည်း နင်.....
ဟာ....ဘာတွေလည်း.......
ငါလန့်နိုးလာတော့
ငါ့ဘေးမှာ ကြေမွနေတဲ့
အိပ်ရာခင်းလေး ပဲရှိတော့တယ်...
မိန်းကလေးရယ်
တစ်ခါလေးတွေ့ဖူးတာနဲ့တောင်
ငါ့အိပ်မက်ကို နင်ပိုင်စိုးသွားတယ်နော်...
အကြိမ်းများစွာသာဆို
ငါ့ရဲ့ တစ်ဘ၀လုံးကိုများ
အပိုင်ယူသွားလေမလား... နော်...
တော်ပါသေးရဲ့
ဝမ်းနည်းလို့မှ
တိမ်တွေကို မော့ကြည့်မိပါတယ်...
မင်းတို့နှစ်ယောက်နဲ့မှ ပြန်လာဆုံရတယ်လို့...
စိတ်ညစ်လို့မှ
သူများတွေလို အရက်သောက်မယ်ကျန်တုန်းရှိသေးတယ်...
ငါ့ချစ်သူရဲ့ချစ်သူက ငါ့ကို
ရင်လာဖွင့်တာနဲ့ ကြုံရပြန်ရော...
ရင်ဘတ်တွေ အောင့်လွန်းလို့ ဆေးခန်းလေးသွားမိပါတယ်...
အသည်းကွဲလို့ ရောက်လာတဲ့ လူနာက
ငါ့ချစ်သူရဲ့ ချစ်သူဖြစ်နေပြန်ရော...
စိတ်ပင်ပန်းလွန်းလို့
ကန်တော်ကြီးက ခုန်တန်းလေးမှာ သွားထိုင်မိပါတယ်...
ရေထဲခုန်ချဖို့ ကြံတဲ့သူက
ဟိုက်............ ငါ့ချစ်သူရဲ့ ချစ်သူပါလား...
တော်ပါသေးရဲ့...
ငါ့အလှည့်တုန်းက
ရက်စက်တာတွေကို
ကောင်မလေးနားမလည်သေးလို့...
ပျောက်ဆုံးသွားသော
ငါ့ရဲ့ ညနေတွေမှာသာ မင်းရှိရင်
နေညိုချိန်ဆိုတာ
သဘာဝထက်လှနေပါလိမ့်မယ်....
စမ်းရေတွေ ဘယ်လောက်များ
အေးလို့လဲ..
မင်းပြုံးလိုက်တဲ့ အပြုံးမှာ
ငါ့ရင်ထဲအေးချမ်းသွားလိုက်တာ
စမ်းရေတွေတောင်
ပူလောင်နေသလိုပဲ...
ဒါပေမယ့် ကောင်မလေးရယ်..
ဘယ်လိုမုန်တိုင်းမျိုးကများ
ငါတို့ရဲ့ တည်ဆောက်စ
အချစ်အိမ်ငယ်လေးကို
ဖျက်ဆီးရက်လိုက်သလဲ...
ငါ့ဘ၀ဆိုတာ...မင်း
ငါ့ရင်ခွင်ဆိုတာလည်း...မင်း
ငါ့ရဲ့လမ်း..
ငါ့ရဲ့အနာဂတ်တွေက..မင်း.........ဆိုတာကို
သိနေလျက်နဲ့
ကံကြမ္မာရယ်...
ရက်စက်လွန်းလိုက်တာ...
ခုတော့ ငါ့ဆီမှာ
မင်းရဲ့ အငွေ့အသက်ဆိုလို့
မင်းနမ်းသွားတဲ့ ငါ့ပါးပြင်က
အမာရွတ်ပဲ ရှိတော့တယ်....ကောင်မလေးရယ်
မင်းရဲ့ညို့အား
ငေးကြည့်ရုံနဲ့
ငါ့ရင်ကိုလာစူးတဲ့
မင်းရဲ့ဆူး...
နုတ်ယူဖို့ခက်တဲ့
အိပ်မက်တွေမှာ
မင်းအကြည့်က
ရှည်လျားလွန်းတယ်...
အဓိပ္ပါယ်မဲ့
မိုးတိမ်တွေကို
ငေးမိရင်တောင်
ငါ့ကောင်းကင်ဟာ
မင်းဖြစ်ဖြစ်သွားတယ်...
ရှူရှိုက်ဖို့တောင်မ၀တဲ့
လေညှင်းလေးမှာ
မင်းရနံ့လေးတွေ
လွင့်နေတဲ့အခါ
မိန်းမောသွားမိတယ်...
သတိလက်လွတ်နဲ့ပဲ
မင်းမျက်ဝန်းကို
ငါနမ်းမိတယ်...
မင်းကျေနပ်မယ်ဆို ငါ
မုသားကင်းစွာ
ပြောချင်လေရဲ့
မင်းမျက်ဝန်းကို ငါချစ်တယ်...
ငါသိချင်တယ်
ငါ့ မျက်ဝန်းကို မင်း
တည့်တည့် စိုက်ကြည့်ရဲလား...
မင်းပေးတဲ့ ဒဏ်ရာတွေက ငါ့အတွက်
ပျားရည်လို ချိုမြိန်အောင်
မင်းလုပ်တတ်တယ်...
မင်းပေးတဲ့ ရက်စက်ခြင်းတွေမှာ
အမာရွက် မကျန်အောင်
စကားလုံးတွေ မင်းပြောတတ်တယ်...
အရာရာတိုင်း ရုန်းမရအောင်
အကြည့်မျိုးစုံနဲ့
ငါ့ကိုမင်း ချည်နှောင်တတ်တယ်...
ဒါပေမယ့်
မင်းငါ့ကို ဘာလို့စိုက်မကြည့်ရဲတာလဲ...
ငါ့မျက်ဝန်းမှာ
မင်းအတွက် အနွံတာခံကာ
ချစ်နေတဲ့ အရိပ်အယောင်တွေ
ရှိနေပါလျက်နဲ့
မင်း မမြင်နိုင်တာကို
ငါ ခံရအခက်ဆုံးပဲ...
အချစ်ဆိုတာ ဖြစ်တည်လာပြီးရင်
မြိုသိပ်ရခက်တယ် ဆိုတာ
မင်းသိရဲ့လား... မိန်းကလေးရယ်
ငါသိချင်တယ်
မင်းဆီမှာ ငါ့အချစ်တွေ
ခိုအောင်းခွင့်ရမယ့်နေ့ကို.........
၃၁.၁၂.၂၀၀၅
ငါ့ကို ထားခဲ့ပါ...
နောက်လှည့်မကြည့်နဲ့တော့ မိန်းကလေး။
ဒဏ်ရာတွေကို
မင်းထွက်ခွါသွားတဲ့ ခြေသံလေးတွေနဲ့ အတူ
လမ်းခွဲပါရစေ...
ငါ့ မျက်ရည်တွေက
မင်း အနာဂတ်အတွက် လက်ဆောင်၊
ငါ့ရင်ခွင်ထက် မင်းအိပ်စက်ခဲ့တဲ့
နေရာတွေက
ငါ့ အနာဂတ်အတွက် ဖြေဆေး၊
အခုလက်ရှိ မင်းပေးခဲ့တဲ့ လမ်းခွဲခြင်းကတော့
ငါရော မင်းအတွက်ပါ
မေ့မရတဲ့ အစိမ်းရောင် နေ့စွဲလေးပေါ့။